လှိုင်သာယာ- ရန်ကုန် ရေကြောင်းခရီးစဉ် ပြေးဆွဲမည်
DVB
·
October 28, 2013
ရန်ကုန်မြို့မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတာကြောင့် ရန်ကုန်မြစ် - ပန်းလှိုင်မြစ်၊ လှိုင်မြစ်နဲ့ ပဲခူးမြစ်တွေကို အသုံးပြုပြီး လှိုင်သာယာမြို့နယ်ကနေ ပုဇွန်တောင် အရင် သီတာဆိပ်ကမ်းဟောင်းအထိ ရေယာဉ်ခရီးစဉ်တွေ ပြေးဆွဲတော့မယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြု ပြောဆိုပါတယ်။
ဂျပန်နိုင်ငံအခြေစိုက် Ex-myanmar ကုမ္ပဏီနဲ့ အလင်းသစ် ရှပ်ပြေးအမြန်ယာဉ်လိုင်းသစ် တို့ ပူးပေါင်းပြီး လာမယ့် ၂၀၁၄ နှစ်ဆန်းကနေ စတင် ပြေးဆွဲသွားမယ်ဖြစ်ပါတယ်။
ခရီးစဉ် ဆိပ်ကမ်းတခုနဲ့ တခုကြား ၁၀၀ ကျပ်စီ သတ်မှတ်ထားတဲ့အတွက် အပိုင်း ၁၅ ပိုင်းရှိပြီး ခရီးစဉ် အစမှအဆုံး ၁၀၀၀ ကျပ်နဲ့ ပြေးဆွဲမယ်လို့ သိရပါတယ်။
အဲဒီ ပူးပေါင်းကုမ္ပဏီဟာ ဂျပန်ကနေ ကမ်းရိုးတန်းသွား အမြန်ရေယာဉ် အစီး ၃၀ လောက် တင်သွင်းပြီး ထားဝယ်၊ မြိတ်နဲ့ ကော့သောင်းရေကြောင်းခရီးစဉ်တွေလည်း ပြေးဆွဲသွားမယ်လို့ ကုမ္ပဏီ တာဝန်ရှိသူတွေက ပြောပါတယ်။