Home
ဆောင်းပါး
မြောက်ပိုင်းသုံးဖွဲ့ကြေညာချက်နှင့် ပြည်သူ့အောင်ပွဲ (ဆောင်းပါး)
DVB
·
March 31, 2021

တပ်မတော်အနေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်နေတာတွေ ဆက်လုပ်နေမယ်ဆိုရင် နွေဦးတော်လှန်ရေးဆင်နွှဲနေကြတဲ့ တိုင်ရင်းသားလူမျိုးပေါင်းစုံ ညီနောင်တွေနဲ့အတူ ခုခံကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ဒီဗွီဘီ သတင်းဝက်ဘ်ဆိုက်မှာ မတ်လ ၃၀ ရက်က တက်လာတဲ့သတင်းဖြစ်ပြီး မြောက်ပိုင်း သုံးဖွဲ့ကြေညာချက်က စိတ်ဝင်စားဖို့ကောင်းတယ်။

ဒီမတိုင်ခင် မတ်လအစောပိုင်းမှာလည်း အေအေ ရက္ခိုင့်တပ်တော်နဲ့ ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေက အလားတူကြေညာချက်မျိုးထုတ်ခဲ့တယ်။

အခု စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ လက်ရှောင်နေတဲ့  ရခိုင်ဒေသဟာ ဒီအချိန်ကျမှ သဘောထားတွေထုတ်ပြန်လာတာဟာ ဘယ်လိုမကြောင်းရင်းခံက ထွက်ပေါ်ခဲ့တာလဲဆိုတာ သုံးသပ်ကြည့်ပါမယ်။

ဒီနေရာမှာ အေအေ ရက္ခိုင့်တပ်တော် ရုတ်ခြည်း အင်အားကောင်းလာတာက စပြီးကြည့်ကြည့်ပါမယ်။ ၂၀၁၁ ခုနှစ်နှောင်းပိုင်းမှာ ဒီတုန်းက သမ္မတဦးသိန်းစိန်ဟာ သူတဦးတည်းသဘောနဲ့ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းခဲ့ပါတယ်။

ဦးသိန်းစိန်ကတော့ မြန်မာပြည်သူတွေထောက်ခံမှုရအောင် စီမံကိန်းကို ရပ်ခဲ့တာဖြစ်ပေမယ့် နောက်ဆက်တွဲထွက်ပေါ်လာတဲ့ အကျိုးဆက်က မကောင်းခဲ့ပါဘူး။

မြစ်ဆုံစီမံကိန်းရပ်ခဲ့တုန်းက တရုတ်အစိုးရသတင်းတွေမှာ ပြင်းထန်တဲ့ သဘောထားတွေထွက်ပေါ်ခဲ့ပြီး နောင်မှာပြည်ပမှာရင်းနှီးမြှပ်နုံရင် အသေအချာစိစစ်လုပ်ကိုင်ဖို့ သတိပေးတဲ့ထိရေးခဲ့ကြတယ်။

များမကြာခင်မှာပဲ အေအေ ရခိုင့်တပ်ရုတ်ခြည်း အင်အားတောင့်တင်းခဲ့တယ်။ မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့က ဆွေးနွေးပွဲတွေကို အကြောင်းအမျိုးမျိုးပြပြီး ရှောင်ဖယ်သွားခဲ့ကြတယ်။

ဒီနေရာမှာ လက်ရှိမြန်မာ့ဒီမိုကရေစီအရေးအပေါ် တရုတ်အစိုးရသဘောထားကို ဆန်းစစ်ကြည့်ရင် စစ်တပ်နဲ့ တိုက်ပွဲဝင်ဒီမိုကရေစီဘက်တော်သားများ ဘယ်ဘက်ကများ အသာစီးရသွားမလဲဆိုတာကို စောင့်ကြည့်နေတဲ့အနေအထားဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာ နှစ်နိုင်ငံအစိုးရအကြား သဘောတူညီမှုတွေရှိခဲ့ပေမယ့် ဘယ်စီမံကိန်းကိုမှ အကောင်အထည်ဖော်တာ မယ်မယ်ရရ မရှိခဲ့ဘူး။

သူ့နိုင်ငံအကျိုးစီးပွားကိုသာကြည့်တဲ့တရုတ်အစိုးရဟာ မြန်မာစစ်တပ်အာဏာရရင် သူ့နိုင်ငံကလုပ်ဖို့ရှိတဲ့ မြစ်ဆုံစီမံကိန်းလိုဟာမျိုး ပြန်စခွင့်ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အာဏာသိမ်း အစောပိုင်းရက်တွေမှာ အသာစောင့်ကြည့်ခဲ့တာပါ။

စစ်တပ်က အာဏာသိမ်းပြီး တလကျော်အကြာမှာတော့ စစ်တပ်ရဲ့လူမဆန်တဲ့ စက်ဆုတ်ရွံ့ရှာဖွယ်အကြမ်းဖက်ပစ်သတ်မှုတွေကြောင့်ကမ္ဘာ့နိုင်ငံအသီးသီးက ရှုတ်ချကြတယ်။

ပြည်တွင်းမှာ စစ်တပ်ရဲ့နှိမ်နင်းမှုကို အံတုရင်ဆိုင်နေကြတဲ့မြန်မာပြည်သူတွေနဲ့ အစိုးရတရပ်လုပ်မရတဲ့ စစ်တပ်ကို ကြည့်ပြီး တရုတ်ရဲ့အမြင်ပြောင်းလာပုံရတယ်။

ဒီမှာတင် ဆန္ဒပြအစောပိုင်းကာလတွေမှာ ရေငုံနှုတ်ပိတ်နေခဲ့ကြတဲ့ အေအေ ရက္ခိုင့်တပ်ကလည်း  ကြေညာချက်တွေထုတ်လာ အခုတခါ မြောက်ပိုင်းသုံးဖွဲ့ကပါ ကြေညာချက်ထုတ်လာတာဖြစ်တယ်။

တရုတ်အစိုးရရဲ့သြဇာမကင်းတဲ့မြောက်ပိုင်းတပ်ဖွဲ့တွေ အခုလို လူထုဘက်က ရပ်တည်လိုက်တာကို တခြားတဘက်ကကြည့်ရင် ပြည်သူတွေအောင်ပွဲနဲ့နီးလာတာကို ပြဆိုနေတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေထဲ အင်အားအကောင်းဆုံးဖြစ်တဲ့ UWSA ‘ဝ” တပ်ဖွဲ့ကတော့ ဆန်ပြုတ်ဒီပလိုမေစီအရ အခုထိ တုတ်တုတ်မလှုပ်သေးဘူး။

ဘယ်လိုပဲဖြစ်ဖြစ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ခုအချိန်ပြည်သူနဲ့အတူရပ်ပေးတာ ကောင်းတဲ့အလားအလာဖြစ်တယ်။

CRPH ကလည်း မြောက်ပိုင်းသုံးဖွဲ့ရဲ့ကြေညာချက်အပေါ် မဆိုင်းမတွကြိုဆိုလိုက်တာ  တွေ့ရတယ်။ အနာဂတ်ဖက်ဒရယ်တပ်မတော်ပေါ်ထွန်းရေးအတွက်လည်း တတပ်တအားဖြစ်တယ်။

အရေးတော်ပုံ အောင်ရမည်။

ကိုလေအိုး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024