ပဲခူးတိုင်း ပဲနွယ်ကုန်းမြို့မှာ အကြမ်းဖက်ရဲတပ်ဖွဲ့က ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ ကိုကျော်ကျော် အသက် ၄၅ နှစ်ရဲ့ ဈာပနကို ဒီကနေ့ မတ်လ ၂၉ ရက် နေ့လယ်မှာ ပဲနွယ်ကုန်းမြို့ ငမော့တော့ သုသာန်မှာ ကျင်းပသင်္ဂြိုဟ်ကာ အရိုးပြာအိုး အုတ်ဂူပြုလုပ်ခဲ့ပါတယ်။
ဒီကနေ့ ကိုကျော်ကျော်ရဲ့ ဈာပနကို ကျန်ရစ်သူ မိသားစုတွေနဲ့ အတူလိုက်ပါပို့ဆောင်သူ ဒေသခံပြည်သူ ၃၀၀၀၀ ကျော်ရှိပါတယ်။
ပဲနွယ်ကုန်းမြို့မှာ မတ်လ ၂၇ ရက်မနက်က ကိုကျော်ကျော်နဲ့ ကိုကျော်သန်းထွန်းတို့နှစ်ဦး ဆိုင်ကယ်သပိတ်က လူစုခွဲပြီး အပြန် နယ်မြေရဲစခန်းမှူး ဦးဆောင်တဲ့ ရဲတပ်ဖွဲ့က ပရိုဘောက်ကားနဲ့ နောက်က သေနတ်နဲ့ လိုက်ပစ်လို့ ဆိုင်ကယ်လဲသွားစဉ် သေနတ်ဒင်တွေ တုတ်တွေနဲ့ ကိုကျော်ကျော်ကိုရိုက်နှက် လည်ပင်းကို စစ်ဖိနပ်နဲ့နင်း သေနတ်နဲ့ တေ့ကာ ဝမ်းဗိုက်တစ်ချက် ဘယ်ခြေတစ်ချက်ပစ်ခတ်ခဲ့တာကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ရပါတယ်။
ကိုကျော်ကျော်နဲ့ အတူပါလာသူ ကိုကျော်သန်းထွန်းဟာလည်း ခြေထောက် နှစ်ချက်၊ ဆီးခုံအနီးတစ်ချက်၊ လက်မောင်းတစ်ချက်၊ ဗိုက်တစ်ချက် သေနတ်နဲ့ ပစ်သတ်ခံရ ပေမယ့် ကံကောင်းစွာ အသက်မသေဘဲ နေပြည်တော်ဆေးရုံမှာ ခွဲစိတ်ကုသမှုအောင်မြင်ပြီး လက်ရှိ စကားပြောလာနိုင်ပြီလို့ သိရပါတယ်။
ဒီနေ့ ကိုကျော်ကျော်ရဲ့ဈာပနကိုလည်း ရဲတွေကနောက်မှ လိုက်ပါခဲ့ပြီး ရဲကားပေါ်မှာတော့ အခင်းဖြစ်တဲ့နေ့က သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ဒုရဲအုပ် အောင်ကျော်ဖြိုး၊ ရဲတပ်ကြပ် အောင်ကိုလတ်တို့ကိုပါ တွေ့မြင်ခဲ့ရတယ်လို့ နာရေးလိုက်ပါပို့ဆောင်သူ မြို့ခံတစ်ဦးက ပြောပါတယ်။