ရွှေ့ပြောင်းဝင်ရောက်သူ ၃၀၀ ကျော်ကို အီတလီရေတပ် ကယ်ဆယ်

အီတလီ ရေတပ် ကင်းလှည့်သဘောင်္တွေဟာ Lampedusa ကမ်းလွန်ပင်လယ်ထဲမှာ အာဖရိက တိုင်းပြည်တွေက ရွှေ့ပြောင်းလာသူ အယောက် ၃၀၀ ကျော်ကို အောက်တိုဘာ ၂၄ ရက်နေ့က ကယ်ဆယ်လိုက်ပါတယ်။ ကယ်လာတဲ့ ရွှေ့ပြောင်းလာသူတွေကို San Marco ရေတပ်စခန်း သင်္ဘောဆီကို ခေါ်လာတဲ့ ဗွီဒီယိုတခုကို အီတလီရေတပ်က ထုတ်ပြန်လိုက်ပါတယ်။ ဆာဟာရ ကန္တာရတောင်ပိုင်း အာဖရိက တိုင်းပြည်တွေက ရွှေ့ပြောင်းလာသူ ၃၁၈ ယောက် ပါလာတဲ့ လှေတစင်းကို တောင်ပိုင်း Lampedusa ကျွန်း ရေမိုင် ၆၀လောက်မှာ တွေ့ခဲ့ တာလို့ ရေတပ်က ပြောပါတယ်။ အီတလီဟာ မြေထဲပင်လယ်တောင်ပိုင်းမှာ ရွှေ့ပြောင်းလာသူတွေရဲ့ လှေတွေကို ရှာဖို့ကင်း လှည့်သင်္ဘော ၄ စင်း၊ ရဟတ်ယာဉ်တွေနဲ့ မောင်းသူမဲ့လေယာဉ်တွေအပါအ၀င် ရေတပ်နဲ့ လေကြောင်း ကင်းလှည့်တာတွေကို ပြီးခဲ့တဲ့ အပတ်က အင်အားတိုးချဲ့ခဲ့တာပါ။ အီတလီနိုင်ငံတောင်ပိုင်း lampedusa ကျွန်းကို ရွှေ့ပြောင်းလာသူတွေရဲ့  အန္တရယ်များတဲ့ လှေတွေဟာ နွေရာသီ ရွက်လွှင့်လို့ကောင်းတဲ့အချိန်မှာ တဖွဲဖွဲရောက် လာတတ်တာ ဆယ်စုနှစ်နဲ့ချီကြာမြင့်နေပြီဖြစ်ပါတယ်။ လစ်ဗျားနဲ့ ဆီးရီးယားနိုင်ငံတွေရဲ့ ပဋိပက္ခတွေကြောင့်လည်း Lampedusa ကျွန်းကို ရွှေ့ပြောင်းလာသူတွေ ပိုရောက်လာစေခဲ့တာပါ။

More News
Up