မိုးလေ၀သနှင့်စခန်းများ ဂျပန်အကူအညီဖြင့် ချိတ်ဆက်လုပ်မည်
ရွှေအောင်
·
October 26, 2013
နေပြည်တော် မိုးလေ၀သဌာနအနေနဲ့ တပြည်လုံးမှာရှိတဲ့ ရာသီဥတု တိုင်းတာရေး စခန်းတိုင်းရဲ့ အချက်အလက်တွေကို အချိန်နဲ့ တပြေးညီ သိရှိနိုင်ဖို့ ဂျပန်က ပေးတဲ့ငွေကြေး အကူအညီယူပြီး ချိတ်ဆက်လုပ်ဆောင်သွားမယ်လို့ မိုးလေ၀သဌာန ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။
သဘာဝဘေးအန္တရာယ်ကြောင့် ပေါ်ပေါက်လာမယ့် ရာသီဥတုအခြေအနေများ စောင့်ကြည့်စနစ် ထူထာင်ဖို့ ဂျပန်အစိုးရက ဂျပန်ယန်းငွေ ၂၃၁ သန်း ထောက်ပံ့ ကူညီပေးမယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ သူက ခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
အခု လုပ်ဆောင်နေတာနဲ့ ချိတ်ဆက်လုပ်ဆောင်ပြီးရင် ရလာမယ့် အကျိုးကျေးဇူးတွေကိုလည်း သူက ခုလို ပြောပါတယ်။
[caption id="attachment_45472" align="alignright" width="150" caption="ဦးချစ်ကျော်"][/caption]
“အရင်ကတော့ ကျနော်တို့ဘာသာ တိုင်းတယ်။ ပုံမှန်သတင်းတွေ တနေ့ ၃ ကြိမ်၊ ၄ ကြိမ် စကားပြောစက်နဲ့ ကျနော်တို့ရုံးကို ပို့တယ်။ ပို့တဲ့ဟာတွေကို ကျနော်တို့က မှတ်တမ်းတွေ ယူတင်တယ်။ အရင်တုန်းကတော့ hard copy အနေနဲ့ ထားတယ်။ အခုနောက်ပိုင်း soft copy အနေနဲ့ ထားတယ်။ soft copy ဖြစ်သွားတော့ သုတေသနပြုလုပ်သူ (researcher) တို့က ယူပြီးသုံးတဲ့အခါကျရင် လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် သုံးနိုင်တယ်။ အဲလိုမျိုးလုပ်နိုင်တဲ့အတွက် ဘယ်လိုနေရာတွေက ပိုပြီး အစွန်းထွက်တယ်။ ဘယ်နေရာတွေကတော့ အစွန်းမထွက်ဘူး၊ ပုံမှန်ပဲဖြစ်နေတယ်ဆိုတာတွေကို ပြည်သူတွေကို အချိန်နဲ့ တပြေးညီ တင်ပြနိုင်တယ်။ အဲဒီအခါကျရင် ပြည်သူတွေက အဲဒီသတင်းအချက်အလက်တွေကို အသုံးပြုပြီး စိုက်ပျိုးရေးလုပ်တာပဲဖြစ်ဖြစ်၊ မွေးမြူရေးလုပ်တာပဲဖြစ်ဖြစ်၊ ကျန်းမာရေးစောင့်ရှောက်တာပဲဖြစ်ဖြစ်၊ ခရီးသွားတာပဲဖြစ်ဖြစ် အဲလိုလုပ်ငန်းတွေမှာ ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်တာမျိုးမဖြစ်ဘဲ လုပ်ဆောင်နိုင်လာမှာပေါ့။”
ဂျပန်က ပေးမယ့် ယန်းငွေ ၂၃၁ သန်းဟာ မိုးလေ၀သဌာနတခုထဲ သုံးဖို့ မဟုတ်ဘဲ ပတ်သက် ဆက်နွှယ်နေတဲ့ သစ်တော စတဲ့ ဌာနတွေနဲ့ ခွဲဝေသုံးစွဲရမယ်လို့ ပြောပါတယ်။
နိုင်ငံတ၀န်း မိုးလေ၀သစခန်းပေါင်း ၆၀ ကျော် ရှိပြီး နေပြည်တော်နဲ့ အဲဒီစခန်းတွေ ချိတ်ဆက် လုပ်ဆောင်ဖို့ ၃ နှစ်လောက် အချိန်ယူရဦးမှာ ဖြစ်ပါတယ်။