Home
မြန်မာသတင်း
ပြည်သူလေးစားသည့် တပ်မတော်ဖြစ်စေချင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
DVB
·
October 26, 2013
မြန်မာ့တပ်မတော်ကို  ပြည်သူတွေက လေးစားချစ်ခင်တဲ့  နိုင်ငံတကာအဆင့်အတန်းမီ တပ်မတော်တခု ဖြစ်စေချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပနိုင်ငံ ခရီးစဉ်အတွင်း အောက်တိုဘာ ၂၅ ရက်နေ့က ဗြိတိန်နိုင်ငံရဲ့ ဆင်းဟတ်စ် စစ်တက္ကသိုလ်မှာ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ဆင်းဟတ်စ် စစ်တက္ကသိုလ်မှာ သူတို့ရဲ့ စစ်သားတွေကို နိုင်ငံတကာ အဆင့်မီတဲ့ စစ်သားတွေ ဖြစ်အောင် ဘယ်လို တည်ဆောက်နေကြသလဲဆိုတာ လေ့လာဖို့နဲ့ မြန်မာ့တပ်မတော်ကိုလည်း ပြည်သူက ချစ်ခင်လေးစားပြီး နိုင်ငံတာကာအဆင့်မီတဲ့ တပ်မတော် တရပ် ဖြစ်ချင်ကြောင်း မိန့်ခွန်းမှာ ပြောကြားသွားတာပါ။ “တပ်မတော်ဟာ နိုင်ငံတော်အတွက် အဓိက အကျဆုံးအုတ်မြစ်တခု ဖြစ်ပါတယ်။ နိုင်ငံတော်က တပ်မတော်အတွက် အစေခံ မဖြစ်ရပါဘူး။ နိုင်ငံအတွက် အမှုထမ်းဖို့ ရှေ့က ဦးဆောင်ရမယ်။ အခု ဆင်းဟတ်စ်စစ်တက္ကသိုလ်မှာ စစ်သားတွေကို သင်တန်းပေး နေသလိုမျိုးပေါ့” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီမိုကရေစီစနစ်မှာ စစ်တပ်ရဲ့အခန်းကဏ္ဍက ဘယ်လိုရှိသလဲ၊ နိုင်ငံရေးအာဏာကို စစ်တပ်က ဘာကြောင့် မယူသင့်သလဲ ဆိုတာတွေကိုလည်း ဗြိတိန်စစ်တပ်ကနေပြီး မြန်မာနိုင်ငံက စစ်တပ်ကို နားလည်အောင် အကူအညီပေးဖို့လိုတယ်လို့ ထည့်သွင်းပြေားကြားသွားပါတယ်။ မြန်မာစစ်တပ်ကို ဗြိတိန်အစိုးရအနေနဲ့ အကူအညီပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်စစ်တက္ကသိုလ်ကြီးကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန်စစ်တပ်နဲ့ ခရမ်းဖီးတက္ကသိုလ်တို့ ပူးပေါင်းပြီး မြန်မာပြည်မှာ စစ်တပ်အရာရှိတွေကို လူ့အခွင့်အရေး၊ လူထုနဲ့ ဆက်ဆံရေး သင်တန်းမျိုးတွေနဲ့ အကူအညီပေးဖို့ လာမယ့်နှစ် ဇန်န၀ါရီလထဲမှာ စီစဉ်ထားပါတယ်။ ဒါပေမယ့် တိုင်းရင်းသားအဖွဲ့ပေါင်း ၁၀၀ ကျော် ပူးပေါင်းပြီး မြန်မာစစ်တပ်ကို အခုလို အကူအညီပေးတာတွေ မလုပ်ဖို့ ကမ္ဘာ့ထိပ်ပိုင်းခေါင်းဆောင်တွေကို စာရေးသား ပေးပို့တာတွေ ရှိခဲ့ပါတယ်။ ဗြိတိန်နိုင်ငံနဲ့ မြန်မာတပ်မတော်အကြား ဆက်ဆံရေးတခုရှိဖို့ အရေးကြီးပေမယ့် စစ်ဘက်ဆိုင်ရာသင်တန်းတွေ ပေးမှာမဟုတ်ဘူးလို့ ဗြိတိန်သံအမတ်ကြီး မစ္စတာ အင်ဒရူး ပတ်ထရစ် (Mr. Andrew Patrick) က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်ရဲ့ စစ်တက္ကသိုလ်မှာ မိန့်ခွန်းမပြောခင် မြောက်ပိုင်း အိုင်ယာလန်ကို သွားရောက်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို လေ့လာခဲ့ပါတယ်။ ဗြိတိန် ခရီးစဉ်အပြီးမှာတော့ အီတလီနိုင်ငံကို ခရီးဆက်မှာ ဖြစ်ပြီး မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံတဲ့ မြို့ ၅ မြို့ကို သွားရောက်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပသမဂ္ဂမှာ ဆွေးနွေးပွဲတွေ တက်ရောက်ဖို့နဲ့ ဆာခါရော့ဖ် လူ့အခွင့်အရေးဆု လက်ခံရယူဖို့ ၁၅ ရက်ကြာ ဥရောပခရီးစဉ်ကို အောက်တိုဘာ ၁၈ ရက်နေ့ကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ခရီးစဉ်အတွင်းမှာ ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ ပြင်သစ်၊ ဗြိတိန်နဲ့ အီတလီ အစရှိတဲ့ ဥရောပနိုင်ငံတွေကို သွားရောက်နေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024