Home
ဆောင်းပါး
တနည်းနည်းဖြင့်....... (ဆောင်းပါး)
DVB
·
March 28, 2021

“ဒီစစ်အာဏာသိမ်းမှုဟာ တရားမဝင်သလို စစ်ခေါင်းဆောင်တွေရဲ့ဆင်ခြေတွေဟာလည်း မုသားတွေဖြစ်တယ်။ ဒီမှန်သောသစ္စာစကားကြောင့် အာဏာသိမ်းသူမှန်သမျှ ဝေဒနာအပြင်းအထန်ခံစားရပြီး အသေဆိုးနဲ့ သေပါစေ။” 

မန္တလေးတိုင်း ပုဂံဒေသရှိ ထီးလိုမင်းလို ဘုရားရှေ့တွင် ပုဂံဒေသခံများ စုပေါင်းပြီး ကျိန်စာတိုက်နေကြတာဖြစ်သည်။

တပေါင်းလရဲ့အပူဒဏ်က သူတို့ရင်ထဲက အပူဒဏ်ကို မကျော်လွှားနိုင်။ ထို့ကြောင့်ပင် အုန်းပွဲငှက်ပျောပွဲများ ကိုယ်စီရွက်ပြီး ယခုလို စုဝေးပြီး ကျိန်စာတိုက်နေကြခြင်းဖြစ်သည်။

သူတို့ထဲက တယောက်က မီဒီယာကို ခုလို ပြောသေးသည်။ “အာဏာသိမ်းစစ်ခေါင်းဆောင်က ဒီဘုရားလာပြီး ယတြာချေသွားသေးတယ်လေ မနှစ်ကပေါ့ အခု သူ့ ယတြာပါပျက်အောင် ကျိန်စာတိုက်ပစ်တာ”

ပြောပြောဆိုဆိုနှင့် အသင့်ယူဆောင်လာကြသည့် အစိမ်းရောင် စစ်သားအရုပ်များကို ဘုရားရင်ပြင်တော်ပေါ်သို့ ပစ်ချပြီး ခြေထောက်များဖြင့် ဝိုင်းနင်းကြသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့တဘက်ကမ်း ညောင်ပင်ကြီးရွာဘက်ခြမ်းတွင်ဖြစ်သည်။ နာမည်ကျော် လက်ပံတောင်းတောင်ဒေသမှ ဒေသခံများစုဝေးတိုင်ပင်နေကြသည်။

ကိစ္စက ယခင်ရက်များကလို မုံရွာဘက်ကူးပြီး သပိတ်မှောက်ရန်လာသည့် သူတို့အုပ်စုကို အာဏာပိုင်တွေက ကူးခွင့်ပိတ်လိုက်ခြင်းဖြစ်သည်။

“ကဲဘာမှ လုပ်မနေကြနဲ့ ငါတို့က စစ်အာဏာရှင်စနစ်ကို မကြိုက်ဘူးလို့ ဆန့်ကျင်ဆန္ဒပြချင်တာ မဟုတ်လား။ ငါတို့ လက်မခံဘူးလို့ သိစေချင်တာ မဟုတ်လား ဒီတော့ လာ ဟိုဘက်ကမ်း မကူးရလည်း ချင်းတွင်းမြစ်ထဲဆင်းပြီး ဆန္ဒပြကြမယ်”

ဟေး ဟေး ဟေး ညာသံပေးဟစ်အော်ပြီး ချင်းတွင်းမြစ်ထဲဆင်းသွားသည့် လူအုပ်ထဲတွင် အမျိုးသမီးက အများစု။

နောက်တနေ့မှာလည်း အလားတူ။ တခု တိုးလာတာက ဗီနိုင်းတချပ် သူတို့လက်ထဲကိုင်ဆောင်လာသည်။

ချင်းတွင်းတော်လှန်ရေး

မီဒီယာများတွင် လက်ပံတောင်းတောင်ဒေသခံများ ချင်းတွင်းမြစ်တွင်းဆင်းပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြနေပုံများ ဝေဝေဆာဆာ ဖော်ပြခဲ့ကြတော့သည်။

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင်ဖြစ်သည်။

တူးမကုန်သည့် စကျင်တောင်တည်ရှိရာ စကျင်ရွာလေးသည် ဧရာဝတီမြစ်ကမ်းဘေးတွင် သာယာလှပစွာတည်ရှိသည်။

ပုံမှန်အချိန်များတွင် စကျင်ရုပ်တုများ ထုဆစ်သံ တတောက်တောက် အသံကိုသာ ကြားရလေ့ရှိသည့် စကျင်ရွာတွင် ယခုတော့ လူစုလူဝေးသံများ ညံနေသည်။

မတ္တရာမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်သည့်ဆန္ဒပြပွဲများကို မြို့နယ်အတွင်းရှိရွာများမှစုပေါင်းဆန္ဒပြခဲ့ကြသည်။ တပေါင်းလဆန်းထဲရောက်တော့ စစ်အကြမ်းဖက်အုပ်စုက ဆန္ဒပြစစ်ကြောင်းများကို ပစ်ခတ်ဖြိုခွဲလာသည်။

မြို့နယ်သားများ စုပေါင်းတိုင်ပင်ပြီးနောက် တမိုင်ခန့်ရှိသည့် စကျင်ရွာလမ်းတွင် ဟစ်ကြွေး ဆန္ဒပြကြပြီးနောက် ရွာနဘေးက ဧရာဝတီမြစ်ထဲဆင်းပြီး မြစ်တွင်းဆန္ဒပြပွဲတခု လုပ်သည်။

ဧရာဝတီတော်လှန်ရေး

ဧရာဝတီတိုင်း ဘိုကလေးမြို့သည် စိုက်ပျိုးရေး မွေမြူရေးလုပ်ငန်း လုပ်ကိုင်သူများဖြင့် စည်ကားသည်။ မြို့အနီးဖြတ်သန်းစီးဆင်းနေသည့် ဘိုကလေးမြစ်သည် မြို့လေးအတွက်သာမက ရန်ကုန်အပါအဝင် တခြားမြို့များအတွက်ပါ ရေချိုရေငန် ငါးများကို ပုံမှန် ထုတ်လုပ်ပေးသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဘိုကလေးမြို့ဟာလည်း အခြားမြို့များနည်းတူ စစ်အာဏာရှင်အလိုမရှိဟု မြို့လုံးကျွတ်ဆန္ဒပြကြသည်။

ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက မြို့အတွင်း စီတန်းလမ်းလျှောက်ကြွေးကျော်ဆန္ဒပြကြသလို ဆိုင်ကယ်များဖြင့်လည်း လှည့်လည်ဆန္ဒပြကြသည်။

ဖေဖော်ဝါရီလကုန်ပိုင်းရောက်လာတော့ အခြား ပြည်နယ်တိုင်းမြို့များ ကြုံတွေ့ရသလို စစ်အကြမ်းဖက်အုပ်စုက ဆန္ဒပြသူများကို အင်အားသုံးဖြိုခွင်းလာသည်။

မြို့က မကျယ်တော့ တချို့မြို့တွေလို ပျောက်ကျားသပိတ်လည်း လုပ်မရ။ကြံစမ်း။ စစ်အုပ်စုကို လုံးဝ လက်မခံနိုင်ကြောင်း တခုခုတော့ လုပ်ပြနေရမှဖြစ်မယ်။

ဟုတ်ပြီ။ ဘိုကလေးမြို့နှင့် အနီးနားကျေးရွာများကို ဆက်သွယ် သွားလာနေသည့် စက်လှေတွေဆီ ဆန္ဒပြလူစု တက်ရောက်နေရာယူလိုက်ကြသည်။

စက်လှေထိပ်ဦးတွင် နိုင်ငံတော်အလံ လွှင့်ထူလိုက်သည်။ ကြွေးကျော်သံ ဆိုင်းဘုတ်များကိုင်ဆောင်လိုက်ကြပြီး ဘိုကလေးမြစ်ပြင်ကျယ်ထဲ စက်လှေကို မောင်းထွက်ခဲ့ကြသည်။

စက်လှေပေါ်အသင့်တင်ဆောင်လာသည့် ဆောင်းဗောက်စ်က သွေးသစ္စာ သီချင်းသံက ဘိုကလေးမြစ်ထဲ ပျံ့လွင့်သွားသည်။

အရေးကြီးပြီ ညီနောင်အပေါင်းတို့ 

သွေးစည်းပြီး ညီကိုညီကြစို့

လူမျိုး ဘာသာ မတူသော်ငြား စစ်အုပ်စုကို အလိုမရှိတာမှာ တူသည်။

ရေမြေတောတောင်ကွာလေသော်ငြား စစ်အုပ်စုကို လက်မခံတာ မကွာကြ။ တသားတည်းရပ်တည်ထားကြသည်။

ကြည့်ပါဦး။ စစ်ကောင်စီအုပ်စုကို ဆန့်ကျင်ကြောင်း ပြနေသည့်သပိတ်အမျိုးမျိူး----။

ကတုတ်ကျင်းသပိတ်

အိမ်ရှင်မသပိတ်

ည သပိတ်

ဝိဉာဉ်သပိတ်

မိုးပျံပူပေါင်းသပိတ်

လူမဲ့သပိတ်

ဆီမီးထွန်းသပိတ်

သရက်သီးသပိတ်

ဆိုင်ကယ်စီးသပိတ်

အရုဏ်သပိတ်

ပုသိမ်ထီးသပိတ်

ဘာဘီရုပ်သပိတ်

စက္ကူလှေသပိတ်

ကြိုးကြာရုပ်သပိတ်

ထမိန်သပိတ်

မော်တော်ကားသပိတ်

ထိုင်သပိတ်

ကျိန်စာသပိတ်

ကောက်စိုက်မသပိတ်

မြေပဲရိတ်သပိတ်

ငရုတ်သီးကောက်သပိတ်

ဆန်စေ့ကောက်သပိတ်

ကြက်သွန်ကောက်သပိတ်

ရေပေါ်သပိတ်

ပျောက်ကြားသပိတ်

စစ်အာဏာရူးများကို အလို မရှိကြောင်း ပြည်သူလူထုက တနည်းနည်းဖြင့် ဆန့်ကျင်ကန့်ကွက်နေကြသည်ကို တပြည်လုံးအနှံ့ တွေ့မြင်နိုင်သည်။

ကုန်ကုန်ပြောရလျင် ဖေဖော်ဝါရီ ၂ ရက် ည ၈ နာရီကစပြီး အိမ်တိုင်းက နေ့တိုင်းတီးနေသည့် သံပုံးတီးသံများသည် အာဏာရှင် ခေါင်းကို နာနာနှက်နေသည့် အသံများပင်ဖြစ်တော့သည်။

ပြည်သူလူထုကို ပစ်ခတ်သတ်ဖြတ်နေသည့် အာဏာရူးစစ်အုပ်စု လက်အောက် ကျရောက်လို့ မဖြစ်။

အရေးတော်ပုံ အောင်ရမည်။

ကိုလေအိုး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024