ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၇ ရပ်ကွက် ရာမညမှာ မတ်လ ၂၇ ရက်နေ့ မနက်ပိုင်းက အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်တွေက သေနတ်နဲ့ ရပ်ကွက်ထဲ ရမ်းကားပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲနဲ့စစ်တပ်က လိုက်လံဖြိုခွင်းရင်း ရပ်ကွက်တစ်ခုလုံးကို မွှေပတ်ပစ်နေတာလို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
"ဒီနေ့ မနက် ၉ နာရီလောက်မှာစဖြစ်တာ၊ လူစုနေတုန်းကို ဝင်ပစ်တာ၊ တစ်ယောက်မှတော့ ဖမ်းမမိဘူး။ ဒါပေမယ့် ရပ်ကွက်ထဲက လမ်းတိုင်းကို ဝင်ပစ်နေတာ၊ အချက် ၅၀ ကျော်လောက်ရှိပြီ ခုထိ ပစ်နေတုန်း'' လို့ ပြောပါတယ်။
ရပ်ကွက်ထဲ လမ်းတွေများတဲ့အတွက် ဆန္ဒပြတဲ့ ပြည်သူတွေက လွတ်သွားပြီဖြစ်ပေမယ့် ရပ်ကွက်ထဲက နေအိမ်တွေ လမ်းတွေကို သေနတ်တွေနဲ့ ရမ်းပစ်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
ဒါဟာ ပုသိမ်မြို့မှာ မတ်လ ၁၄ ရက်နေ့က လူ ၂ ဦးသေဆုံးခဲ့တဲ့ ညသပိတ်ဖြိုခွင်းခံရမှုအပြီးမှာ ကျည်အစစ်နဲ့ ထပ်မံဖြိုခွင်းခံရတာလည်း ဖြစ်ပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဖေဖော်ဝါရီ ၇ ရက်နေ့က စတင်ပြုလုပ်လာခဲ့တာဖြစ်ပြီး ရက်ပေါင်း ၄၉ ရက်မှာ ရဲတပ်ဖွဲ့ရဲ့ သေနတ်ပစ်လူစုခွဲတာကို ခံရတာ ၈ ကြိမ်ရှိပြီး သေဆုံးသူ ၂ ဦးရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံ - CJ