အပြောင်းအလဲဆီကို ဦးတည်နေတဲ့ အင်ဒိုနီးရှား

2.4K
အခုတခေါက် ဂျကာတာမှာ တွေ့ရတဲ့ လူတွေရဲ့ မျက်နှာကို ဖတ်ကြည့်ရသလောက်၊ သူတို့ စကားတွေကို နားထောင်ကြည့်ရသလောက် သူတို့တွေ အပြောင်းအလဲတခုအတွက် ဆန္ဒပြင်းပြနေကြတယ်။
မီဒီယာသမားတွေ၊ နိုင်ငံရေးသမားတွေနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေရဲ့ စကားတွေထဲမှာ သူတို့တွေ နောက်တဆင့် အပြောင်းအလဲအတွက် ဘယ်လောက်အထိ စိတ်အားထက်သန်နေသလဲဆိုတာ ပေါ်လွင်နေတယ်။ ရွေးကောက်ပွဲက လပိုင်းလောက်ပဲ လိုတော့တာနဲ့လည်း ဆိုင်ပါတယ်။
အင်ဒိုနီးရှားမှာ ရှေ့နှစ် ဧပြီလထဲမှာ ပါလီမန်ရွေးကောက်ပွဲတွေ ကျင်းပပြီး နောက်ထပ် ၂ လ ကြာရင် သမ္မတရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေတယ်။ သမ္မတရွေးပွဲအတွက် ထိပ်ဆုံးက ပြေးနေတဲ့လူတွေစာရင်းမှာ ဗိုလ်ချုပ်ဟောင်း ၀ီရန်တိုအပါအ၀င် ဆူဟာတိုခေတ်က လူဟောင်းတွေက အများစု ဖြစ်နေတယ်။
အင်ဒိုနီးရှား ဒီမိုကရေစီအသွင်ကူးပြောင်းရေးက ၁၅ နှစ် ရှိလာပေမယ့် အခုအထိ သမ္မတကနေ နိုင်ငံရေးပါတီအသီးသီးက ခေါင်းဆောင်တွေအထိ ဆူဟာတိုခေတ်က လူတွေက လွှမ်းမိုးနေတုန်းပါပဲ။
ထူးခြားတာက အာဏာရှင်စနစ်က လူဟောင်းတွေဟာ ဒီမိုကရေစီ၊ ပွင့်လင်းမြင်သာမှု၊ သန့်ရှင်းသောအစိုးရနဲ့ ကောင်းမွန်သောအုပ်ချုပ်ရေး ဆိုတာတွေကို တွင်တွင်ပြောကြနေကြတယ်။ တကယ်တမ်း Transparency International ရဲ့ အဂတိလိုက်စားမှုအညွန်းကိန်းမှာ အင်ဒိုနီးရှားရဲ့ အမှတ်စဉ်က ၁၇၄ နိုင်ငံမှာ အမှတ်စဉ် ၁၁၈ နေရာမှာပဲ ရှိပါတယ်။
ပါလီမန်ထဲမှာ ဂိုကာပါတီကဒုတိယ အင်အားအကြီးဆုံးပါတီအဖြစ်နဲ့ ဆက်ရှိနေတယ်။ ဆူဟာတိုခေတ်ကတည်းက တည်ဆောက်ထားတဲ့ အရှိန်အ၀ါ၊ ဓနနဲ့ အရင်းအမြစ်တွေကို သုံးပြီး ကျေးလက်တွေအထိ ကွန်ရက်တွေ ဖြန့်ကြက်ထားနိုင်တယ်။ ရွေးကောက်ပွဲမှာ ဆင်းရဲသားတွေ ဆီကနေ မဲတွေ ၀ယ်တယ်။ ကိုယ်ပိုင် တီဗွီသတင်းဌာနလည်း ပိုင်သေးတယ်။
ဒါပေမယ့် ရှေ့နှစ် ရွေးကောက်ပွဲမှာတော့ စနစ်ဟောင်းရဲ့ လောင်းရိပ်အောက်ကနေ အပြီးတိုင်လွတ်မြောက်ဖို့ကို အင်ဒိုနီးရှားပြည်သူတွေက မျှော်လင့်နေကြပုံပါပဲ။ မြို့ပေါ် ပညာတတ်တွေသာမက ဆင်းရဲသားတွေရဲ့ အဓိကမျှော်လင့်ချက်က လက်ရှိ ဂျကာတာမြို့တော် အုပ်ချုပ်ရေးမှူး ဂျိုကိုဝီ (ဂျိုကိုဝီ ဒိုဒို)အပေါ်မှာ စုပြုံနေတယ်။
တခြား မြို့တော်အုပ်ချုပ်ရေးမှူးတွေ၊ နိုင်ငံရေးသမားတွေနဲ့ မတူတာက အသက် ၅၁ နှစ်အရွယ် အင်ဂျင်နီယာဘာသာရပ်နဲ့ ဘွဲ့ရသူ ဂျိုကိုဝီဟာ စနစ်ဟောင်းရဲ့လောင်းရိပ်ကနေ လွတ်ရုံသာမက၊ ပြည်သူတွေနဲ့ တသားတည်းရှိတယ်လို့ ဆိုကြတယ်။ သူ့အပေါ် လူကြိုက်များလွန်းလို့ သမ္မတလောင်းနေရာအတွက် အင်ဒိုနီးရှား ဒီမိုကရက်တစ်ပါတီ (Indonesian Democratic Party) ရဲ့ခေါင်းဆောင် မေဂါဝါဒီက နေရာဖယ်ပေးမယ့် သဘောရှိပါတယ်။
ဂျကာတာက အကြီးဆုံး ရေဒီယိုကွန်ရက်ရဲ့ ဒါရိုက်တာ မစ္စတာ တော့စကာ ဆန်တိုဆို (Mr. Tosca Santoso) က ဆိုရင် “မနက်ဖြန် ရွေးကောက်လုပ်ရင်လည်း ဂျိုကိုဝီပဲ နိုင်မှာပါ” လို့ အခိုင်အမာ ပြောပါတယ်။
လူထု အခြေပြုအဖွဲ့အစည်းက ခေါင်ေးဆာင်တယောက်ကလည်း အကယ်၍ မေဂါဝါဒီက ဂျိုကိုဝီကို သမ္မတလောင်းနေရာအတွက် နေရာ ဖယ်မပေးခဲ့ရင် လူထုဆန္ဒပြပွဲတွေ လုပ်သွားဖို့ အဆင်သင့်ပဲလို့ ဆိုပါတယ်။
လွန်ခဲ့တဲ့နှစ်တွေအတွင်း အပြောင်းအလဲတွေ နှေးကွေးနေတာ၊ အောက်ခြေအထိ မရောက်တာ အပြောင်းအလဲကို စနစ်ဟောင်းက လူတွေနဲ့ ဦးဆောင်နေတာကြောင့်လို့ ဝေဖန်ကြတယ်။
ဒါကြောင့်လည်း ရှေ့နှစ် ရွေးကောက်ပွဲမှာ စနစ်ဟောင်းနဲ့ လောင်းရိပ်ကင်းတဲ့လူတယောက်ကို သမ္မတတင်ဖို့ လုံးပန်းနေကြတဲ့ ပုံပါပဲ။
၂၀၀၄ ခုနှစ်ကတည်းက သမ္မတတာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဆူစီလို ဘန်ဘမ်းယူဒိုယိုနိုဦးဆောင်တဲ့ အစိုးရအဖွဲ့ထဲမှာ၊ တရားရေးမဏ္ဍိုင်က ထိပ်တန်းခေါင်းဆောင်တွေထဲမှာ ဆူဟာတိုခေတ်က တာဝန်ကြီးကြီး ယူခဲ့တဲ့လူတွေ ရှိနေတယ်။
သူတို့ဟာ ဆူဟာတိုခေတ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိတယ်လို့ ယုံကြည်နေသူတွေနဲ့လည်း တွေ့ခဲ့ရတယ်။ သမ္မတအိမ်တော်ရှေ့မှာ ကြာသပတေးနေ့တိုင်း ဆန္ဒပြနေတဲ့ လူ ၁၂ ယောက်လောက်ထဲမှာ အသက် ၆၀ ကျော်အရွယ် ထောင်ထွက် ကွန်မြူနစ်တယောက်ကို တွေ့ရတယ်။
၁၉၆၀ ပြည့်လွန်နှစ်တွေက လူတွေ အစုလိုက်အပြုံလိုက် သေဆုံးပြီး ထောင်သွင်း အကျဉ်းချခံရတဲ့ကိစ္စအတွက် အစိုးရက တောင်းပန်ဖို့နဲ့ အပြစ်ရှိသူတွေကို အပြစ်ပေးသင့်တယ်လို့ စိတ်အားထက်သန်စွာနဲ့ပြောတာကို ကြားခဲ့ရတယ်။
“အစိုးရအဖွဲ့ထဲမှာ စစ်တပ်က လူဟောင်းတွေ ရှိနေသမျှ ဒီမိုကရေစီဆိုတာ အတုအယောင်ပဲ ဖြစ်နေမှာပဲ” လို့ ဆိုတယ်။
လူအုပ်ထဲမှာ သားသည် မိခင်တယောက်ကိုလည်း တွေ့ခဲ့ရတယ်။ ၁၉၉၈ လူထုဆန္ဒပြပွဲအတွင်းမှာ စေတနာဝန်ထမ်းအဖြစ် အကူအညီတွေ ပေးနေတုန်းမှာ စစ်တပ်က ပစ်လိုက်တဲ့ ကျည်ဆန်ထိပြီး သေဆုံးသွားတဲ့ သူ့ရဲ့ တဦးတည်းသော သားအတွက် တရားမျှတမှုကို တောင်းဆိုနေတာ ၇ နှစ်ရှိပြီတဲ့။ ကျွတ်ကျွတ်အိတ် ၁ ထပ်နဲ့ ပလက်စတစ် လောင်းထားတာ ၁ ထပ်နဲ့ ထုပ်ထားပြီး လက်ပွေ့အိတ်ထဲ ထည့်ထားတဲ့ သူ့သားရဲ့ ဓာတ်ပုံကိုလည်း ထုတ်ပြတယ်။ တီရှပ်အင်္ကျီဝတ်၊ ဦးထုပ်နောက်ပြန်ဆောင်းထားပြီး လက်ပိုက်ရပ်နေတဲ့ အသက် ၂၀ ၀န်းကျင် လူငယ်တယောက်ရဲ့ပုံပါ။ အမှုကို ၂၀၀၈ ခုနှစ်ကတည်းက လူ့အခွင့်အရေးဆိုင်ရာတရားရုံးမှာ တင်ပြထားပေမယ့် အခုထိ ဘာမှ မထူးသေးဘူးလို့ ပြောပြပါတယ်။
ဂျကာတာမှာ တယ်လီဖုန်း အရေအတွက်က လူဦးရေထက် ပိုများနေပေမယ့် လူဦးရေ တ၀က်ရဲ့ နေ့စဉ်ဝင်ငွေက ၂ ဒေါ်လာအောက် (ဆင်းရဲမျဉ်းနား)မှာပဲ ရှိသေးတယ်။ ဂျကာတာမြို့ပေါ်မှာ အင်္ဂလိပ်စကား ပြောနိုင်တဲ့ တက္ကစီးသမား မတွေ့ရသလောက်ဆိုပေမယ့် လူကုန်ထံတွေ ဈေးဝယ်ထွက်တဲ့ ကုန်တိုက်နားမှာ အင်္ဂလိပ်စကားကို ရေရေလည်လည်ပြောပြီး အကောင်းစားဖုန်းတွေ၊ ၀တ်ကောင်းစားလှတွေနဲ့ အသက် ၂၀ အရွယ် တသိုက်ကတော့ နိုင်ငံရေးကိုလည်း စိတ်မ၀င်စား၊ အနာဂတ်အတွက် ယုံကြည်ချက် အပြည့်ရှိနေတဲ့ပုံပါပဲ။
တယောက်က ဖက်ရှင်ဒီဇိုင်နာ ဖြစ်ချင်တယ်လို့ ပြောတယ်။ ဂျကာတာမှာ Little Monsters' လို့ တွင်တဲ့ လေဒီဂါဂါကို ခရေဇီဖြစ်တဲ့ ချာတိတ်တွေ အတော်များတာ သတင်းတွေထဲမှာ ဖတ်ရတယ်။
၂၀၁၂ နှစ်လယ်လောက်က ဂျကာတာရဲ့ အကြီးဆုံးကဇာတ်ရုံကြီးထဲမှာ လေဒီဂါဂါရဲ့ ဂီတပွဲကို လုပ်ဖို့ စီစဉ်တော့ ပရိသတ် ၅ သောင်း ၂ ထောင်လောက်က လက်မှတ်တွေ ၀ယ်ခဲ့တယ်လို့ ဆိုတယ်။ ဈေးနှုန်းကလည်း ၁ စောင်ကို ၁ လ လစာလောက်ရှိတယ်။ ဒါပေမယ့် အစွန်းရောက်အဖွဲ့တဖွဲ့က ခြိမ်းခြောက်တာနဲ့ ပွဲပျက်ခဲ့ပါတယ်။
အခုတခေါက် ဂျကာတာကို ရောက်တော့ ဟိုတယ်အခန်းထဲမှာ TRACE ဆိုတဲ့ တီဗွီချန်နယ်ကို ဖွင့်လိုက်ရင် လေဒီဂါဂါနဲ့ မိုင်လီဆိုင်းရပ် သီချင်းတွေကို ထပ်ပြန်တလဲလဲ လွှင့်နေတာကို ကြည့်ရတယ်။ ပြတင်းတံခါးက လှမ်းကြည့်လိုက်ရင် ဗလီရဲ့အမိုးတွေ၊ တီဗွီဖန်သားကို ကြည့်လိုက်ရင် မလုံ့တလုံ ၀တ်ထားတဲ့ အနောက်တိုင်းမှာတောင် ဝေဖန်ခံနေရတဲ့ ပေါ့ပ်စတားတွေ။ အင်ဒိုနီးရှားက လစ်ဘရယ်အကျဆုံး မွတ်စလင်နိုင်ငံလို့ အသိအမှတ်ပြုကြတဲ့ နိုင်ငံ။ တချိန်တည်းမှာ အင်ဒိုနီးရှားမှာ ဘာသာရေးနဲ့ လူမျိုးရေး ပြဿနာတွေဟာ အခုနှစ်ပိုင်းတွေ အတွင်းများ ပိုများလာနေတယ်လို့ သတင်းစာတွေထဲမှာ ဖတ်ရပြန်တယ်။
ဂျကာတာမှာ မိုဘိုင်းဖုန်းကတ် ၀ယ်ချင်ရင် လမ်းဘေးစီကရက်ဆိုင်မှာဖြစ်ဖြစ်၊ ဖရဲသီးဆိုင်မှာဖြစ်ဖြစ် ဈေးပေါပေါနဲ့ အလွယ်တကူ ရနိုင်ပေမယ့် ကားကျပ်တာက လွန်ခဲ့တဲ့ ၃ နှစ်တုန်းကထက် ပိုဆိုးလာသလား အောက်မေ့မိတယ်။ လူသွား ပလက်ဖောင်း တလျှောက်မှာ အန္တရာယ်များတဲ့ အပေါက်တွေကိုလည်း လွန်ခဲ့တဲ့ ၃ နှစ်ကအတိုင်း နေရာတကာမှာ တွေ့နေရတုန်းပါပဲ။ မြို့လယ်က လူကုန်ထံတွေ စားသောက်တဲ့ဆိုင်မှာ ထိုင်ခုံရဖို့ မလွယ်ပေမယ့် ကုန်းကျော်တံတားပေါ်မှာပဲ အိမ်ရာ အခြေချနေပုံရတဲ့ လူအိုဇနီးမောင်နှံတွေကိုလည်း တွေ့ခဲ့ရတယ်။ စူပါမားကက်ရှေ့တွေမှာ၊ ကားဂိတ်တွေနားမှာ အငှားကားတားပေးတဲ့ လူတွေရဲ့ မျက်နှာနဲ့ မျက်လုံးတွေကို ကြည့်ရတာကလည်း နေ့ခင်းလယ်ခေါင်မှာ မူးယစ်ဆေးဝါး တမျိုးမျိုး သုံးစွဲထားတဲ့ပုံပါပဲ။
ဆူဟာတိုပုံပါတဲ့ တီရှပ်တွေ ရောင်းနေတဲ့ ဈေးနားမှာ ဆူဟာတိုခေတ်က ကုန်ဈေးနှုန်း တည်ငြိမ်ပြီး လူနေမှု စရိတ်သက်သာလို့ အခုခေတ်ထက် ပိုကာင်းတယ်၊ တော်သေးတယ်လို့ ပြောတဲ့ အသက် ၆၀ ၀န်းကျင် လူတွေနဲ့လည်း တွေ့ခဲ့ရတော့ အင်ဒိုနီးရှား အသွင်ကူးပြောင်းရေးအတွက် နည်းနည်းတော့ စိုးရိမ်မိတယ်။
တက်ကြွလှုပ်ရှားသူကနေ အခုတော့ အင်ဒိုနိးရှားရဲ့ အကြီးဆုံးရေဒီယို ကွန်ရက်ကို ဦးဆောင်နေတဲ့ Mr. Tosca Santoso ကတော့ “လူဆိုတာဒီလိုပါပဲဗျာ။ လက်ရှိ အခြေအနေမှာ အဆင်မပြေတဲ့အခါ ရွှေရောင်လွှမ်းတဲ့နေ့ဟောင်းတွေကို တမ်းတမိကြတာပါပဲ။ လွတ်လပ်ရေးရခါစကဆိုရင်ကိုလိုနီခေတ်က ပိုကောင်းတယ်လို့ ပြောကြတဲ့လူတွေလည်း ရှိတာပါပဲ။ ဒါပေမယ့် ရွေးကောက်ပွဲကျရင် စနစ်ဟောင်း လောင်းရိပ်မကင်းတဲ့ လူတွေ အားလုံးရှုံးမှာ သေချာပါတယ်။ လူဆိုတာက လွတ်လပ်မှုအဆင့်တဆင့်ကို ရပြီးရင် ပိုကောင်းတဲ့ နောက်တဆင့်ကို တောင့်တကြတာ ဓမ္မတာပဲ” လို့ ပြောပါတယ်။
