ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ ကျောက်သွေးတောင်လမ်းမှာ အထူးတိုက်ခိုက်ရေး ရဲတပ်ရင်းကား ၃ စီး မတ်လ ၂၆ ရက် ညနေ ၄ နာရီလောက်က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုင်းတောင်ဒေသခံတွေဆီက သိရပါတယ်။
"လက်နက်ကြီးလား၊ မိုင်းလား၊ ဗုံးလားတော့မသိဘူး။ နောက်ဆုံးရဲကားကတော့ ဘယ်မှန်တယ်တော့မသိဘူး။ မီးခိုးလုံးတွေ ကြားထဲက ရဲတွေထွက်ပြေးလာတာ တွေ့တာပဲ "လို့ မျက်မြင်တွေ့ရှိတဲ့ ဆိုင်းတောင်ရွာသားတဦးကပြောပါတယ်။
မိုင်းခွဲ တိုက်ခိုက်ခဲ့တာအပြင် တောင်ကုန်းပေါ်ကနေ လှမ်းပစ်တာတွေလည်း ရှိခဲ့တယ်လို့လည်း ရွာသားတွေက ပြောပါတယ် ။
အဆိုပါပစ်ခတ်မှုကြောင့် ရဲသားတဦး လက်မှာ ထိမှန်တာကို တွေ့ခဲ့ရတယ်လို့လည်း မျက်မြင်တွေ့ရှိသူတွေဆီက သိရပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေနဲ့ စစ်အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေ မတ်လဆန်းပိုင်းကစပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားလာတာ ဖြစ်ပါတယ်။