ထွက်ပြေးတိမ်းရှောင်နေတဲ့ တာချီလိတ်အခြေစိုက် သတင်းထောက်တွေကို ထိုင်းနိုင်ငံဘက်မှာမိရင် ပြန်လည်လွှဲပေးဖို့နဲ့ ထိုင်း-မြန်မာ နယ်ခြားကော်မတီ (TBC)အစည်းအဝေးမှာ မြန်မာဘက်ကနေ တောင်းဆိုလိုက်ပြီး ဆုကြေးငွေပါထုတ်ထားပါတယ်။
တာချီလိတ်အေဂျင်စီ သတင်းဌာန တည်ထောင်သူ ကိုဇောင်းနဲ့ အလွတ်တန်း သတင်းထောက်တဦးကို ထိုင်းမှာမိရင် ပြန်လည်လွှဲပေးဖို့ ဓာတ်ပုံ၊ ကိုယ်ရေးအချက်အလက်နဲ့အတူ ပေးပို့ပြီး တောင်းဆိုခဲ့တာပါ။
“ဆုကြေးငွေထုတ်တာကို တာချီလိတ် စစ်ဗျူဟာအခြေချက ထုတ်တာပါ ဘယ်လောက်လဲတော့မသိဘူး ထိုင်းကို အချက်အလက်ပို့ပြီး တောင်းဆိုထားတယ်လို့သိရတယ်”လို လုံခြုံရေးအရာရှိတစ်ဦးက ပြောပါတယ်။
တာချီလိတ်အခြေစိုက် သတင်းဌာန(၂)ခုဖြစ်တဲ့ တာချီလိတ်အေဂျင်စီနဲ့ မယ်ခေါင် သတင်းဌာနက သတင်းထောက်တွေကို ပုဒ်မ ၅၀၅(က/ခ) တွေနဲ့ အမှုဖွင့်ထားပြီး ဖမ်းဝရမ်းထုတ်ထားတဲ့ အတွက် ထွက်ပြေးတိမ်ရှောင်နေရပါတယ်။
ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှာ ဖွင့်လှစ်ထားတဲ့ ယာယီစစ်ဘေးရှောင်စခန်းတွေကို မြန်မာဘက်ကနေ နိုင်ငံရေးနဲ့ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံသားတွေရောက်လာရင် ပြန်လွှဲပေးဖို့ကိုလည်း မြန်မာဘက်က တောင်းဆိုထားတယ်လို့ သိရပါတယ်။