
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မတ်လ ၂၁ ရက်ကနေ ဒီကနေ့မနက်ထိ စစ်တပ်နဲ့ရဲတွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး ရပ်ကွက်လူနေအိမ်ထဲ ဝင်ရောက်ဖမ်းဆီးရိုက်နှက်တာ၊ လမ်းပေါ်မီးရှို့တာနဲ့ အကြောင်းမဲ့ပစ်ခတ်တာတွေ လုပ်ဆောင်နေပါတယ်။
အင်အား ၆၀ လောက်ရှိတဲ့ အကြမ်းဖက်စစ်တပ်နဲ့ရဲအဖွဲ့ဟာ မနေ့မနက် ၁၁ နာရီ ကျော်လောက်မှာ တစ်ကြိမ်၊ ညနေ ၃ နာရီကျော်လောက်မှာတကြိမ် ရတနာသီရိရပ်ကွက်ထဲ ဝင်ရောက်လာပြီး နေအိမ်တချို့ကို ဝင်ရောက်စစ်ဆေးသလို ရာဘာကျည်တွေနဲ့လည်း ပစ်ခတ်တာ ကြောင့် အသက် ၁၄ နှစ်ရွယ် လူငယ် ၁ ဦးနဲ့ တခြားတစ်ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားပြီး လူ အယောက် ၂၀ လောက် ဒဏ်ရာရခဲ့တယ်လို့ တောင်ကြီးဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဒီမတိုင်ခင်က GZ (မျိုးဆက်သစ်) ကလေးတွေက စီဒီအမ်လှုပ်ရှားမှုပိုစတာတွေကို အိုးရှင်းကုန်တိုက်မှာသွားကပ်တယ်။ ရဲတွေက စာသွားကပ်တဲ့သူတွေကို စီစီကင်မရာနဲ့ ပြန်ကြည့်ပြီး စုံစမ်းတော့ ရတနာသီရိနဲ့ ညောင်ဖြူစခန်းရပ်က ကလေးတွေဖြစ်နေတယ်တဲ့၊ ကလေးတွေနေတာက တခြားနေရာမှာ၊ ဒလန်က သတင်းပေးလို့ အဲဒီကလေးတွေကို တန်းပြီးသွားဖမ်းတာ၊ ရဲတွေဝင်သွားတော့ ရပ်ကွက်ထဲကလူတွေလည်းသံပုံးတီးကြ၊ မောင်း ထုတ်ကြပေါ့၊ အဲဒါနဲ့ ရာဘာကျည်တွေနဲ့ပစ်တယ်။ ကလေး ၂ ယောက်ကို ရိုက်နှက်ပြီး ဖမ်းခေါ်သွားတာ၊ တယောက်က အသက် ၁၄ နှစ်ပဲရှိသေးတယ်၊ ရာဘာကျည်ထိတဲ့လူက ၂၀ ကျော်တယ်လို့ပြောတယ်၊ မိန်းမတွေလည်းပါတယ်၊ ရဲတွေက ပထမတခေါက်က နည်းနည်းပဲ လာတယ်၊ ညနေပိုင်းကျတော့ အများကြီးထပ်လိုက်လာတယ်။ ”
ဒါ့အပြင် မြေဖြူရပ်ကွက်ထဲမှာလည်း လူတစ်ယောက်ကို သေနတ်နဲ့ပစ်ပြီး ရိုက်နှက်ဆွဲခေါ်သွားတဲ့ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ အပစ်ခံရသူမှာ တချို့က သေသွားပြီလို့ပြောပေမယ့် ဒီဗွီဘီမှ သီးခြားအတည်ပြုလို့မရသေးပါဘူး။
ရဲနဲ့စစ်တပ်က အဆိုပါရပ်ကွက် ၂ ခုထဲဝင်ရောက်သောင်းကျန်းစဉ် တောင်ကြီးဒေသခံတွေ လည်း တုတ်ဓားတွေကိုင်ပြီး အများအပြားရောက်လာလို့ ပြန်လည်ဆုတ်ခွာသွားကြောင်း ၊ မဆုတ်ခွာခင်မှာ အောင်ပန်းထက်ဆိုးသွားမယ်လို့ အော်ဟစ်ခြိမ်းခြောက်သွားပြီး ည ၈ နာရီ ကျော်မှာတော့ အောင်ပန်းက စစ်ကားတွေ အစီးရေ ၂၀ ကျော်တက်လာကာ တောင်ကြီး လမ်းမပေါ်မှာရော ရပ်ကွက်ထဲကပါ မိမိလုံခြုံရေးအတွက် ပြုလုပ်ထားတဲ့ အကာအရံတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တခြားဒေသခံတယောက်က ပြောပါတယ်။
“ ည ၈ နာရီကျော်လောက်မှာ စစ်ကားတွေအများကြီးထပ်ရောက်လာတယ်၊ အောင်ပန်းကစစ်ကူတက်လာတာတဲ့၊ ပြီးတော့ ရပ်ကွက်လုံခြုံရေးအတွက်ကာထားတဲ့ဟာတွေ မီးရှို့တယ်၊ တောင်ကြီးတမြို့လုံး မီးလျှံတွေထိန်နေတာပဲ။ ဘယ်သူမှအပြင်မထွက်ရဲဘူး၊ လမ်းပေါ်မှာလူ တယောက်မှမရှိဘူး။ အဲဒါကို သေနတ်နဲ့ဗျောက်အိုးဖောက်သလိုပစ်ခတ်နေတယ်၊ ညသန်းခေါင်ထိ အဲလိုလုပ်နေတာ၊ ညနေခင်းတုန်းကလည်း အနောက်မြို့ပတ်လမ်းဘက်မှာ ရပ်ထားတဲ့ဆိုင်ကယ်တွေကို အကြောင်းမဲ့ရိုက်ခွဲသွားသေးတယ် ”
ဒီကနေ့မနက်မှာလည်း မနက် ၇ နာရီခွဲလောက်မှာ သေနတ်ဖောက်သံ သုံးလေး ချက်ကြားရပြီး လမ်းသွားလမ်းလာတွေကို စောင့်ကြည့်ကာ ဖုံးတွေစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ စစ်ဆေးမခံချင်လို့ တခြားလမ်းဘက်လှည့်မောင်းတွေ ဆိုင်ကယ်တွေနောက်ကိုလည်း ကားနဲ့လိုက်ဖမ်းနေတယ်လို့ ဆိုပါတယ်။
တောင်ကြီးမှာ သပိတ်စစ်ကြောင်းတွေ ဖြိုခွဲခံရတာ၊ လူတချို့ဖမ်းဆီးခံရတာတွေရှိပေမယ့် နေ့စဉ်မပျက်မကွက် ဆန္ဒထွက်ပြနေကြပြီး ညဘက်လည်း မီးထွန်းဆုတောင်းပွဲတွေ လုပ်ကြကြောင်း၊ မနေ့ညကတော့ မီးထွန်းဆန္ဒပြပွဲမလုပ်နိုင်ဘူးလို့ ဒေသခံက ပြောသွားပါတယ်။