မြန်မာမီနီထက် အဆင့်မြင့်သည့်ကား ထုတ်ရန် စဉ်းစားနေဟု စက်မှုဒု-၀န်ကြီးပြော
မျိုးဇော်လင်း
·
October 23, 2013
စက်မှုဝန်ကြီးဌာနက လက်ရှိထုတ်လုပ်နေတဲ့ မြန်မာ မီနီကားတွေ ရောင်းကုန် သွားတဲ့အတွက် တရုတ်နိုင်ငံထုတ် QQ3 ကားလို အဆင့်မြင့်တဲ့ ကားမျိုးတွေ မြန်မာနိုင်ငံမှာ ထုတ်နိုင်ဖို့ စဉ်းစားနေတယ်လို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီးက မနေ့က ပြောပါတယ်။
[caption id="attachment_45281" align="alignright" width="300" caption="ဦးမျိုးအောင်"][/caption]
ပြည်သူတွေ အဆင့်မြင့်တဲ့ကားတွေ စီးနိုင်အောင် အခုလိုပြုလုပ်ခြင်းဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမျိုးအောင်က အခုလိုပြောပါတယ်။
“အစီး ၄၀၀ ကျော်လောက်ရှိတဲ့ကားတွေကို ကျနော်တို့ ထပ်ပြီး အော်ဒါမလုပ်တော့ဘူး။ မလုပ်ဘဲနဲ့ အဲဒီ အစီး ၄၀၀ ကျော်ကို ရောင်းဖို့လုပ်လိုက်တာ။ အခု ကုန်သွားပြီ။ နောက်ထပ် ထပ်ပြီး ၀ယ်ဦးမလားဆိုတာ သုံးသပ်တုန်းပဲ ရှိသေးတယ်။ အပြီးရပ်လိုက်တာလားဆိုတာတော့ မသေချာသေးဘူး။ ကျနော်တို့ စဉ်းစားနေတာက မြန်မာမီနီကိုပဲ ထုတ်မလား၊ သူတို့မှာက QQ3 ကို အဆင့်မြှင့်လိုက်ပြီး နောက်ထပ် မော်ဒယ်တခု ထုတ်တယ်။ အဲဒီမော်ဒယ် ကျနော်တို့ လိုက်ထုတ်မလား၊ အမြင်ဆန်းတဲ့ နည်းနည်းခေတ်မီတဲ့ ကားလေးတွေ စီးလို့ရတာပေါ့။ ကျနော်တို့ ဆုံးဖြတ်တာ မပြောသေးဘူး။ စဉ်းစားပေးတာပေါ့။”
ပြည်တွင်းဂျာနယ်တချို့မှာပါတဲ့ သတင်းဆောင်းပါတွေကြောင့် ၀န်ကြီးဌာနရဲ့သိက္ခာကို ကျဆင်းစေပြီး ၀န်ကြီးဌာနအနေနဲ့ ပြည်သူ့ဘဏ္ဍာငွေကို အလွဲသုံးစားမလုပ်ကြောင်းနဲ့ မီဒီယာတွေ လာရောက်လေ့လာလို့ ရကြောင်းလည်း ပြည်ထောင်စုဒုဝန်ကြီးက ဆိုပါတယ်။
လက်ရှိဈေးကွက်အခြေအနေအရ မြန်မာမီနီဆလွန်း ထုတ်လုပ်မှုကို ခေတ္တရပ်ဆိုင်းထားမှာဖြစ်ပြီး QQ3 ကားအားလုံး ပြည်ပကနေ မှာယူတင်သွင်းတာတွေကိုလည်း ရပ်ဆိုင်းထားဦးမှာ ဖြစ်တယ်။
လက်ရှိအစိုးရလက်ထက် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ စက်ရုံတွေ တည်ရှိမှုနဲ့ ပတ်သက်ပြီး ညွှန်ကြားရေမှူးချုပ် ဦးသွင်မြင့်မောင်က အခုလိုပြောပါတယ်။
“စက်မှု ၁၊ ၂ ပေါင်းကာစပေါ့။ ဟိုဘက်တပ်မတော်အစိုးရနဲ့ ဒီဘက် ဒီမိုကရေစီအစိုးရ လက်ထက်မှာ စုစုပေါင်း စက်ရုံကြီး၊ စက်ရုံခွဲပေါင်း ၁၄၄ ရုံ ရှိတယ်။ ဟိုဘက်၊ ဒီဘက် အကူးအပြောင်းမှာ ၇၄ ရုံလောက်က တချို့ဟာတွေကို ရောင်းခဲ့တယ်။ ရောင်းခဲ့တာသည် တပ်မတော်အစိုးရလက်ထက်မှာ ရောင်းခဲ့တယ်။ ဒီမိုကရေစီအစိုးရသစ်လက်ထက်မှာ တခုမှ မရောင်းဘူး။ ပိုက်ဆံသွင်းတာက ဒီဘက်ကာလရောက်တဲ့အတွက် ဒီဘက်ကာလမှာ နုတ်ရမှာပေါ့။”
စက်မှုဝန်ကြီးဌာနက လက်ရှိလုပ်နေတဲ့ လုပ်ငန်းတွေသာ ဆက်လုပ်ဖို့ရှိပြီး စီမံကိန်းအသစ်တွေ လုပ်ဆောင်ဖို့မရှိကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းတွေကို အောင်မြင်အောင် လက်တွဲလုပ်သွားမှာ ဖြစ်ပြီး နောက်တချိန်မှာ ဦးစီးဌာနအနေနဲ့သာ ထားရှိမှာ ဖြစ်ပါတယ်။