ကိုယ်ကျိုးရှာလူနည်းစုရဲ့ လက်ထဲမှာ မိတ်ဖက်တိုင်းပြည် မြန်မာနိုင်ငံ မတည်ငြိမ် ပျက်စီးနေရတဲ့အခြေအနေကို အာဆီယံအနေနဲ့ ကြည့်မနေနိုင်ဘူးလို့ မလေးရှားဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။
မြန်မာအရေးအတွက် အာဆီယံခေါင်းဆာင်များထိပ်သီးအစည်းအဝေး အရေးပေါ်ခေါ်ယူပေးဖို့ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ တောင်းဆိုချက်ကို ထောက်ခံကြောင်း လည်း မလေးရှားဝန်ကြီးချုပ် မူဟီဒင်ရာစင်က မတ်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်တာပါ။
ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေကို သေစေနိုင်တဲ့ လက်နက်သုံးပြီး အကြမ်းဖက် နှိမ်နှင်းနေတာ လက်ခံနိုင်စရာ မရှိကြောင်း၊ ရွေးကောက်ခံ အစိုးရခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် ထိန်းသိမ်းထားသူအားလုံးကို ချက်ချင်းလွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
အင်ဒိုနီးရှား သမ္မတရဲ့ ဗီဒီယိုကွန်ဖရန့်မိန့်ခွန်းမှာတော့ မြန်မာပြည်သူတွေ ဘေးကင်းဖို့က ထိပ်တန်းဦးစားပေးဖြစ်ပြီး မြန်မာ့အရေးဆွေးနွေးညှိနှိုင်းဖို့ အဆင့်မြင့်အစည်းအဝေး ခေါ်ဆိုပေးဖို့ကို လက်ရှိအာဆီယံဥက္ကဋ္ဌ ဖြစ်တဲ့ ဘရူနိုင်းဘုရင်ကို ချက်ချင်းတောင်းဆိုထားပါတယ်။