Home
မြန်မာသတင်း
အောင်ပန်းတွင် စစ်တပ်နှင့်ရဲက အကြမ်းဖက်ပစ်ခတ်သဖြင့် သေဆုံးသူ ၉ ဦး၊ ဒဏ်ရာရ ၂၀ ကျော်ရှိလာ
DVB
·
March 19, 2021

ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့မှ ဒီကနေ့ မတ်လ ၁၉ ရက် မနက် ၉ နာရီဝန်းကျင်ကစပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းနေရာမှာ ကနေ့ညနေ ၆ နာရီထိ သေနတ်သံမစဲဘဲ သေဆုံးသူဦးရေမှာလည်း အနည်းဆုံး ၉ ဦး နဲ့ ထိခိုက်ဒဏ်ရာရသူ ၂၀ ထက်မနည်း ရှိနေပါတယ်။ 

ညနေ ၃ နာရီထိ သေဆုံးသူ ၃ ဦး ဆေးရုံက အတည်ပြုထားပြီး ညနေ ၄ နာရီလောက်မှာတော့ စစ်ဆေးရုံကနေ အလောင်း ၆ လောင်းလာယူကြဖို့ အကြောင်းကြားလာတယ်လို့ ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“ သေသွားတဲ့ ၆ ယောက်ကို အောင်ပန်းမှာရှိတဲ့ ၂/၇၀၀ စစ်ဆေးရုံမှာ လာထုတ်ခိုင်းနေတယ်၊ ရင်ခွဲရုံမှာတဲ့၊ အစကတော့ အဲဒီ ၆ ယောက်ကို ရဲစခန်းမှာထားတယ်၊ စခန်းမှာတော့ နာမည်စာရင်းနဲ့လူစာရင်းတွေရှိမယ်ပေါ့နော်၊ ကျနော်တို့ သွားမထုတ်ရင်သူတို့ဖာသူတို့သင်္ဂြိုဟ် ပစ်မယ်လို့လည်းပြောတယ်ခင်ဗျ၊  သူတို့ ၆ ယောက်ပါရင် အောင်ပန်းမှာ ၉ ယောက်သေပြီ၊ ဒဏ်ရာရတာလည်း ၂၀ ကျော်လာပြီ  ”

ဒဏ်ရာရထားသူတွေထဲက တချို့ကို အထက ၆ ကျောင်းနဲ့ ကလောဆေးရုံကို ပို့ထားပြီး တချို့က ဒဏ်ရာပြင်းထန်ကြောင်း  ရဲနဲ့စစ်တပ်ကလည်း မြို့လည်ခေါင်မှာ တပ်စွဲထားပြီး ညနေ ၆ နာရီထိ အပစ်ခတ်မရပ်သေးဘူးလို့ ဒေသခံက ပြောပါတယ်။

အောင်ပန်းမှာ  စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ဖေဖော်ဝါရီ ၇ ရက်ကစတင်ခဲ့ပြီး နေ့တိုင်းနီးပါးဆန္ဒပြခဲ့ရာမှာ သပိတ်စစ်ကြောင်း ၃ ကြိမ်ဖြိုခွဲခံခဲ့ရပါတယ်။ ဒီကနေ့မှာတော့ အပြင်းထန်ဆုံး ထိခိုက်ဒဏ်ရာရသူအများဆုံးလည်း ဖြစ်ပါတယ်။

Photo Credit

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024