Home
မြန်မာသတင်း
ထားဝယ်မြို့တွင် ဆန္ဒပြသပိတ်ခေါင်းဆောင် ၂ ဦးအပါအဝင် ၁၀ ဦး ဖမ်းဆီးခံရ
DVB
·
March 19, 2021
161449702_1070301846782980_2686245507937467218_n

DVB

တနင်္သာရီတိုင်း ထားဝယ်မြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ခေါင်းဆောင်တွေ နေတဲ့အိမ်ကို မတ် ၁၈ ရက်နေ့မှာ အကြမ်းဖက် စစ်တပ်နဲ့ရဲတပ်ဖွဲ့ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး သပိတ်ခေါင်းဆောင် ၂ ဦး အပါအဝင် ၁၀ ဦးကို ဖမ်းဆီးသွားတယ်လို့ ဆန္ဒပြ ကျောင်းသားတဦးက ပြောပါတယ်။

“သပိတ်ခေါင်းဆောင် ၂ ဦး မိသွားတယ်။ ကိုအောင်ဝေယံကျော်နဲ့ ကိုတူး။ သူတို့က ၃ ထပ်တိုက်မှာနေကြတာ။ အဲတိုက်ကို လာဝိုင်းတာ၊ သူတို့တွေတင်မဟုတ်ဘူး။ သပိတ်မှာမပါတဲ့သူတွေပါ အားလုံး ၁၀ ယောက်ကို ဝင်ဖမ်းသွားတာ။” လို့ ပြောပါတယ်။

အကြမ်းဖက်ရဲနဲ့စစ်တပ်က ဝင်ရောက်စီးနင်းရာမှာ အချို့သူတွေ လွတ်မြောက်ခဲ့ကြတာရှိပေမယ့် ဘေးအိမ်တွေမှာ ပုန်းနေတဲ့သူတွေလည်း ပါသွားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဖမ်းသွားသူတွေကို ဘယ်ခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။ 

ထားဝယ်မြို့မှာ ဒီနေ့မနက် ၁၁ နာရီမှာ ကြက်စားပြင်သပိတ်စစ်ကြောင်းနဲ့ ဝဲကျွန်းသပိတ်စစ်ကြောင်းတို့ ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြကြမယ်လို့ သိရပါတယ်။

ထားဝယ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်စစ်ကြောင်းတွေကို အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းပြီး ဖမ်းဆီးနေတာ အခု သပိတ်ခေါင်းဆောင် ၂ ဦးအပါအဝင် ၂၈ ယောက်ရှိသွားပြီလို့ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်ရဲနဲ့စစ်တပ်က ဖမ်းဆီးထားသူတွေကို ထားဝယ်အကျဉ်းထောင်မှာ ထားရှိပြီး ပုဒ်မ ၅၀၅ (က)၊ ၅၀၅ (ခ) တွေနဲ့ တရားစွဲဆိုထားပြီး မိသားစုဝင်တွေ ဒီနေ့ထိ တွေ့ခွင့်မရသေးဘူးလို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024