Thursday, June 8, 2023
HomeLead Storyချောင်းဦး‌တွင် သေနတ်မှန်သေဆုံးသူ ဈာပန ယနေ့ နေ့လယ်တွင်ကျင်းပမည်

ချောင်းဦး‌တွင် သေနတ်မှန်သေဆုံးသူ ဈာပန ယနေ့ နေ့လယ်တွင်ကျင်းပမည်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ ချောင်ဦးတောင် ရဲလှေရပ်၊ အမြင့်လမ်း‌ဆုံတွင် မတ်လ ၁၆ ရက်နေ့ ညဦးပိုင်းက ဆီမီးထွန်းဆုတောင်းပွဲပြုလုပ်တဲ့ ရပ်ကွက်နေပြည်သူတွေ အကြမ်းဖက်ခံရပြီး တစ်ဦးသေဆုံးခဲ့ပါတယ်။ 

သေဆုံးသူက အသက် ၄၀ ကျော်အရွယ် ဦးကျော်ခိုင်ဆိုသူဖြစ်ပြီး ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့ နေရာတင်သေဆုံးခဲ့တာပါ။ နောက်ထပ်လည်း အနည်းဆုံး ၃ ဦးထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ကာ ဆိုင်ကယ်တစ်စီးလည်း ဖျက်ဆီးခံခဲ့ရတယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

“ညက ၇ နာရီခွဲလောက်မှာ ဆီမီးထွန်းဆုတောင်းပွဲလုပ်တယ်။ အဲဒီမှာ ကား ၄ စီးရောက်လာပြီး လူ ၃ ဦးကို ဖမ်းသွားတယ်။ ရပ်ကွက်က အဲဒီလူ ၃ ဦးကို ပြန်တောင်းတာ။သူတို့က မီးခိုးဗုံးအရင်စပစ်တယ်။ ပြီးတော့ အသံဗုံးပစ်တယ်။ လေးခွတွေနဲ့လည်း ပစ်တယ်။ နောက်တော့ ကျည်အစစ်နဲ့ပါပစ်တာ။ အဲဒီမှာ တစ်ယောက်က ခေါင်းကိုထိပြီး ကျသွားတာ။ နော်တစ်ယောက်က လက်ကို သေနတ်မှန်တယ်။ ‌ဖမ်းခံရတဲ့ထဲက အသက် ၁၄ နှစ်လောက်ပဲရှိသေးတဲ့ ငချစ်ကတော့ ညတွင်းချင်း ရိုက်နှက်ခံရပြီး ပြန်လွတ်လာတယ်။ ရဲကားနောက်ရောက်သွားတဲ့ လူကိုလည်း ရိုက်လို့ ခေါင်းကွဲသွားတယ်။ သူ့ရဲ့ ကလစ်ဆိုင်ကယ်လည်း ရစရာမရှိဘူး။ ပျက်စီးသွားတယ်။ ကျွန်တော်တို့ရပ်ကွက်ထဲတော့ အနည်းဆုံး ၃ ဦးထိခိုက်ဒဏ်ရာရတယ်။ ၁ ဦးသေတယ်ပေါ့။ သေတဲ့တစ်ဦးကို ဒီနေ့ နေ့လည် တစ်နာရီမှာ သင်္ဂြိုလ်မှာပါ။”လို့ အခင်းဖြစ်ပွားရာမှာရှိနေခဲ့သူ ရဲလှေရပ်နေ လူငယ်တစ်ဦးက ပြောပါတယ်။

ညကဖြစ်စဉ်မှာ ပြည်သူတွေဖက်က အင်အား ၅၀ ခန့်နှင့် ရဲ၊ စ်တပ်ဖက်က ကား ၄ စီး အင်အား ၄၀ ခန့်ရှိတယ်လို့ သိရပါတယ်။ သေနတ်နဲ့တရစပ်ပစ်တာရှိခဲ့ပြီး လမ်းခင်းဖို့ချထားတဲ့ ကျောက်တွေ၊ ကတ္တရာပုံးတွေကြောင့်သာ ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိမှု နည်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

ကနဦးသတင်းတွေအရ သေဆုံးသူနှစ်ဦးရှိခဲ့တယ်လို့ ဒေသခံက ပြောဆိုခဲ့ပေမယ့် တကယ်မှာတော့ သေဆုံးသူက တစ်ဦးသာဖြစ်ပြီး နောက်တစ်ဦးက လက်ကျည်ထိဒဏ်ရာသာ ရရှိခဲ့တာဖြစ်ကာ သေဆုံးမှု မရှိဘူးလို့ဆိုပါတယ်။

မတ်လ ၁၆ ရက်နေ့အတွင်း စစ်ကိုင်းတိုင်းမှာ သေနတ်မှန်သေဆုံးသူ ကောင်လင်း၊ ချောင်းဦးမြို့တွေမှာ တစ်ဦးစီရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းအနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်လို့ သေနတ်မှန်သေဆုံးသူ ၁၃ ဦးရှိပြီလည်း ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular