ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ သူတွေဟာ ဒီကနေ့ မတ်လ ၁၆ ရက်နေ့မှာ လုံခြုံရေးတပ်သားတွေရှိတဲ့ဘက်ကို ရှောင်ကွင်းပြီး ဆက်လက်ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြသူ အင်အား ၁၀၀ ကျော်လောက်ဟာ ဒီနေ့မနက် ၉ နာရီခွဲလောက်က ကျောက်မဲ ခိုမုန်းရပ်ဘက်ကနေ နောင်ပိန်ရွာဘက်ကို အရင်သွားပြီး နေ့ခင်းဘက်မှာတော့ ပန်ပေါင်း၊ ရန်ကင်း စတဲ့ ရပ်ကွက်တွေဘက်မှာ ဆန္ဒပြခဲ့ပါတယ်။
ဒီလိုဆန္ဒပြရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်မတွေ့အောင် ရှောင်ကွင်းပြီးသွားခဲ့ ကြလို့ ဒီနေ့အတွက်တော့ အောင်မြင်စွာပြီးဆုံးသွားတယ်လို့ ဆန္ဒပြသူ တစ်ဦးက ဒီဗွီဘီကို ပြော ပါတယ်။
“ဒီနေ့တော့ အခြေအနေကြည့်ပြီး ထွက်ကြပါတယ်။ ကျောက်မဲကနေထွက်တော့ ဆိုင်ကယ်ကိုယ်စီနဲ့ပေါ့။ ဆိုင်ကယ်နဲ့ဆိုတော့ ရှောင်ရတိမ်းရလွယ်တယ်လေ၊ နောင်ပိန်ဘက် သွားတော့ လမ်းခုလတ်မှာ ဆိုင်ကယ်တွေထားခဲ့တယ်။ ပြီးတော့ နောင်ပိန်ဈေးထိ လမ်းလျှောက် ဆန္ဒပြတယ်။ ပြီးတော့ကျောက်မဲကို ဆိုင်ကယ်နဲ့ပြန်လာ ပန်ပေါင်းဘက်ကနေပြန်ထွက်၊ ရန်ကင်း ရပ်ကွက်တွေ ဘက်သွားတယ်။ လုံခြုံရေးတပ်ဖွဲ့တွေကတော့ရှိတာပေါ့။ သူတို့နဲ့ ထိပ်တိုက် မတွေ့အောင် ရှောင်ပြီး သွားကြတာပေါ့၊ နောက်နေ့လည်း သွားမှာဘဲ။ ဘယ်ဘက်သွားမလဲဆိုတာ အခြေနေပေါ်မူ တည်ပါတယ်။ ကျနော်တို့ ရည်မှန်းချက်မရောက်မချင်း ဆန္ဒပြကြမှာပါ။”
ကျောက်မဲက ဆန္ဒပြသူတွေဟာ မနေ့ညကလည်း ကျောက်မဲသင်္ချိုင်းကုန်းမှာ စာတွေသွား ကပ်ပြီး လူမဲ့သပိတ်ပြုလုပ်ခဲ့ကြပါတယ်။
ဒါ့အပြင် ညပိုင်းမှာ မီးထွန်းဆုတောင်းပွဲတွေလည်း ပြုလုပ်ခဲ့ပါတယ်။