မတ်လ ၁၄ ရက်နေ့မနက်က ပဲခူးမြို့မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြတာတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပိတ်ဆို့ပစ်ခတ်တာကြောင့် မနက်ပိုင်းမှာ လူငယ် ၁ ဦးကျဆုံးခဲ့သလို နေ့ခင်းပိုင်းပစ်ချိန်မှာ အမျိုးသမီး ၁ ဦး ထပ်မံကျဆုံးခဲ့ပါတယ်။
မတ်လ ၁၄ ရက်နေ့ နေ့လယ်ပိုင်းလည်း ပဲခူးမြို့လိပ်ပြာကန်ဘေးက မြကန်သာ လက်ဘက်ရည်ဆိုင်ကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ဝင်ရောက်ဖျက်ဆီးပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။
လက်ဘက်ရည်ဆိုင်က စားပွဲထိုး ၁၀ ဦးကို ဖမ်းဆီးနေတာ ကြည့်နေတဲ့သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်လိုက်တဲ့အတွက် လက်ဘက်ရည်ဆိုဘေး ဆေးခန်းကနေ ကြည့်နေတဲ့ အမျိုးသား ၁ ဦး ဦးခေါင်းကျည်ထိမှန်ပြီး ရန်ကုန်ကိုပို့ဆောင်ကုသစဥ် မတ်လ ၁၅ ရက်နေ့ မနက် ၂ နာရီကျော်လောက်မှာ ဆုံးသွားတယ်လို့ မြကန်သာလက်ဘက်ရည်ဆိုင်ပိုင်ရှင်က ပြောပါတယ်။
မတ်လ ၁၄ ရက်နေ့က မြကန်သာလက်ဘက်ရည်က ဝန်ထမ်း ၁၀ ဦးအပါအဝင် ဖမ်းဆီးခံရသူ ၂၁ ဦးရှိပြီး ဖမ်းဆီးခံရသူတွေအားလုံးကို အဲဒီညမှာပဲ ပြန်လည်လွတ်မြောက်လာကြပြီး ၃ ယောက်ကတော့ ခေါင်းမှာဒဏ်ရာတွေရလာကြတယ်လို့ သိရပါတယ်။
မတ်လ ၁၄ ရက်နေ့က စစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်တာကြောင့် ပြည်သူ ၃ ဦးကျဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဘက်ကလည်း ဒုရဲအုပ် ၁ ဦး သေဆုံးခဲ့သလို ၃ ဦးဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။