ပဲခူးမြို့ မှော်ကန်ရပ်ကွက်နဲ့ ဆိုရှယ်လစ်ရပ်ကွက်ထိပ်တို့မှာ မနက်ကတည်းက ပိတ်မိနေတဲ့ သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က နှစ်ဘက်ပိတ်ပြီး ပစ်ခတ်ဖြိုခွင်းတဲ့အတွက် ၁ ဦး ဘယ်ဘက်ရင်အုံ ကျည်ထိမှန်ကျဆုံးသွားပြီး ၇ ဦးထက်မနည်း ဒဏ်ရာရရှိထားကာ ၁ ဦး အခြေအနေ စိုးရိမ်ရတယ်လို့ သိရပါတယ်။
ဒဏ်ရာရသူတွေကိုတော့ ပရဟိတအဖွဲ့တွေကနေ အပြင်ကို သယ်ထုတ်ပေးနေပြီး ရဲတပ်ဖွဲနဲ့ စစ်တပ်ကိုလည်း အပြင်က ပြည်သူတွေက ပြန်လည်ပိတ်ဆို့ပြီး ဝိုင်းထားတဲ့အတွက် လက်ရှိ အချိန်နေ့ခင်း ၁၂ နာရီခွဲပြီးတဲ့အချိန်အထိ နှစ်ဘက်တင်းမာနေဆဲဖြစ်ပြီး ရဲတပ်ဖွဲ့ဘက်ကလည်း ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆန္ဒပြအဖွဲ့မှာ ပါဝင်သူ ၁ ဦးက ပြောပါတယ်။
နေ့ခင်း ၁ နာရီလောက်မှာတော့ ရဲတပ်ဖွဲ့နဲ့ စစ်တပ်တို့ ပြန်လည်ဆုတ်ခွာသွားကြသလို ဆန္ဒဖော်ထုတ်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီခံထားရပါတယ်။
နေ့လယ် ၂ နာရီလောက်မှာတော့ ဘူတာခုံးတံတား ၁ လမ်းထိပ် ရဲကင်းဘက်မှာလည်း ဆန္ဒပြပြည်သူတွေကို ပစ်ခတ်မှုတွေရှိနေပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ ဒေသခံတဦးက ပြောပါတယ်။