သက်ကြီးနိုင်ငံရေး အကျဉ်းသားများကို ဂါရ၀ပြု
ရွှေအောင်
·
October 19, 2013
သက်ကြီးနိုင်ငံရေးအကျဉ်းသား ဂါရ၀ပြုကန်တော့ပွဲကို ဒီနေ့ကျင်းပခဲ့ပြီး မူလက ၂၅ ဦးကို ဂါရ၀ပြုဖို့ စီစဉ်ထားပေမယ့် ၁၆ ဦးပဲ ပွဲတက်ရောက်နိုင်ခဲ့တယ်လို့ ပွဲစီစဉ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးရဲအောင်က ပြောပါတယ်။
ခေတ်အဆက်ဆက်က နိုင်ငံရေးအကျဉ်းသားဟောင်း သက်ကြီးသူတွေကို ကန်တော့ခွင့်ရတဲ့အတွက် ၀မ်းသာပီတိဖြစ်ရတယ်လို့ ဦးရဲအောင်က ပြောပါတယ်။
“မြန်မာ့ခေတ်သမိုင်းအဆက်ဆက်မှာ အာဏာရှင်စနစ် အဆက်ဆက်ကို တော်လှန်ခဲ့တဲ့ တိုင်းပြည်အတွက် ဆောင်ရွက်ခဲ့တဲ့ အင်မတန်လေးစားစရာကောင်းတဲ့ လူကြီးတွေ သက်ရှိထင်ရှားရှိနေတဲ့ ကာလမှာ ကန်တော့ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာဂုဏ်ယူပါတယ်။ ပီတိလည်း ဖြစ်ရပါတယ်။”
သက်ကြီးနိုင်ငံရေးအကျဉ်းသားများ ကန်တော့ပွဲကို ရန်ကုန်မြို့၊ ဗဟန်းက တော်ဝင်နှင်းဆီခမ်းမမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား ၁၀၀ လောက် တက်ရောက် ဂါရ၀ပြုခဲ့ကြပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ဟာ ၂၀၁၁ ခုနှစ်ကစပြီး အခုလို ဂါရ၀ပြုကန်တော့ပွဲ ပြုလုပ်ခဲ့တာ တတိယအကြိမ်မြောက်ဖြစ်ပြီး ဒီနှစ်မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (အေအေပီပီ) လည်း ပူးပေါင်းပါဝင် ကျင်းပခဲ့ပါတယ်။