Home
မြန်မာသတင်း
သီပေါနှင့် ကျောက်မဲတွင် ပြောက်ကျားအသွင်ဖြင့် ဆက်လက်ဆန္ဒပြ
DVB
·
March 11, 2021
157708010_908188549916304_4576428970314403243_n
159712004_912081152899814_5143533752583276704_n
158419856_188255622750390_3419651034468742320_n
159767852_901112090651137_1369201314574188655_n

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်  သီပေါမြို့ နဲ့ ကျောက်မဲမြို့က စစ်အာဏာရှင် ကျဆုံးရေး သပိတ်စစ်ကြောင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မနေ့တုန်းက သေနတ်နဲ့ပစ်ဖောက် မျက်ရည်ယိုဗုံးနဲ့ ဖြိုခွဲတဲ့နောက် ဒီကနေ့မှာတော့ ပြောက်ကျားအသွင်ပြောင်းပြီး လှုပ်ရှားလာကြပါတယ်။ 

သီပေါက သပိတ်မှောက်သူတွေဟာ မနေ့မနက်က စုရပ်ဖြစ်တဲ့ဘုရားကြီးနားမှာ ဆန္ဒပြစဉ် စစ်ကြောင်းဖြိုခွင်းခံရတာဖြစ်ပြီး လူစုခွဲကာ ထွက်ပြေးခဲ့ကြတယ်လို့ ဆန္ဒပြသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“မနေ့က လူစုခွဲပြီးထွက်ပြေးတယ်၊ ရဲတွေလိုက်ဖမ်းပေမယ့် တယောက်မှပါမသွားပါဘူးခင်ဗျ။ ဒီနေ့မှာလည်း ရဲကော စစ်တပ်ကော သီပေါမြို့အနှံ့ကားနဲ့ လိုက်ပတ်နေလို့ ကျနော်တို့ သပိတ်စစ်ကြောင်းက လူခွဲပြီး ဆန္ဒပြတယ်။ တဖွဲ့ကို အယောက် ၅၀ လောက်က ၃ ဖွဲ့ခွဲပြီး ဆန္ဒပြခဲ့ပါတယ်၊ သူတို့မရှိတဲ့ လမ်းတွေဘက်သွားတယ်၊ သူတို့လာရင် ပြေးတယ် အဲဒီပုံစံပေါ့။”

သီပေါမှာ စစ်အာဏာရှင် ကျဆုံးရေးဆန္ဒပြသပိတ်မှောက်နေတာ ၁ လကျော်သွားပြီဖြစ်ပြီး မနေ့က ပထမဆုံးအကြိမ် ဖြိုခွင်းခံရတာဖြစ်ပါတယ်။ 

ကျောက်မဲသပိတ်လည်း မနေ့က ပထမဆုံးအကြိမ် ဖြိုခွဲခံရတာ လူအချို့ဖမ်းဆီးခံရပြီး အချို့ပျောက်ဆုံးနေကြောင်း၊ ကျောက်မဲရပ်မိရပ်ဖတွေက ရဲစခန်းမှာအဖမ်းခံရသူတွေ လိုက်ညှိနှိုင်းဖြေရှင်းပေးရာမှာ လူငယ် ၂ ယောက် ပြန်လွတ်လာတယ်လို့ ကျောက်မဲဒေသခံက ပြောပါတယ် ။ 

ကျောက်မဲဒေသခံတွေဟာ မနေ့က သူတို့လူအဖမ်းခံရပေမယ့် နောက်မဆုတ်ဘဲ ဒီကနေ့မှာလည်း ဆိုင်ကယ်တွေနဲ့မြို့ထဲပတ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေတွေ့ရင် ထိပ်တိုက်တွေ့မှုကို ရှောင်ရှားပြီး တခြားလမ်းဘက် သွားလိုက်တာကြောင့် အဖမ်းအဆီးမရှိဘူးလို့ ဆိုပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024