သာသနာ့နယ်မြေအတွင်း သေနတ်ပစ်ဖောက်အကြမ်းဖက်တာတွေ မလုပ်ရန် စစ်ကိုင်းတောင်ရိုး IBEC ဆရာတော်က အာဏာသိမ်း စစ်ကောင်စီကို မေတ္တာရပ်ခံ မိန့်ကြားလိုက်ပါတယ်။
စစ်ကိုင်းတောင်ရိုး ထွဋ်ခေါင်ရွာ IBEC ကျောင်းဆိုင်းဘုတ်အနီးမှာ မတ်၁၀ ရက်နေ့ မနက်ပိုင်းက ဆန္ဒပြ သပိတ်စစ်ကြောင်းက ကျောင်းသားလူငယ်ထုကို ရဲတပ်ဖွဲ့နဲ့စစ်တပ်က သေနတ်တွေပစ်ဖောက်ကာ လိုက်လံဖမ်းဆီးခဲ့တာကြောင့် ဆန္ဒပြ ကျောင်းသားလူငယ်တွေ နီးစပ်ရာဘုန်းကြီးကျောင်းဝင်းတွေထဲ ဝင်ပုန်းခဲ့ရပါတယ်။
သပိတ်စစ်ကြောင်းကို ဖြိုခွင်းအပြီးမှာ ဆန္ဒပြကျောင်းသား ၄ ဦး အဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ညနေပိုင်းမှာတော့ တပ်မ ၃၃ အတွင်းကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ စစ်ကိုင်းတာင်ရိုး၊ IBEC ဆရာတော်ဦးသောဘိတ (စတော့ဟုမ်း ငြိမ်းချမ်းရေးဆုရှင်) က မေတ္တာရပ်ခံခဲ့တာကြောင့် ခံဝန်ကတိရေးထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ လူငယ်တစ်ဦးက DVB ကိုပြောပါတယ်။
ရဲတပ်ဖွဲ့နဲ့စစ်သားတွေက ခွင့်ပြုချက်မတောင်းဘဲ လက်နက်တွေနဲ့ IBEC ကျောင်းတော်အတွင်း ဝင်ရောက်ရှာဖွေပြီး ကျောင်းသားအချို့ကို ဖမ်းဆီးသွားခဲ့တဲ့ လုပ်ရပ်မျိုး နောက်နောင် မပြုလုပ်ကြဖို့ ဆရာတော်က မေတ္တာရပ်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။