အိန္ဒိယနိုင်ငံပိုင်လုပ်ငန်းတွေ အပါအဝင် ကုမ္ပဏီအားလုံးက မြန်မာစစ်တပ်နဲ့ စီးပွားရေးဆိုင်ရာ အဆက်အဆံအားလုံး၊ အဆိုပြု သဘောတူညီချက်အားလုံး ချက်ချင်း ရပ်ဆိုင်းဖို့ အိန္ဒိယ အရပ်ဘက်လူ့အဖွဲ့အစည်းဝင်တွေ၊ စာရေးဆရာတွေနဲ့ ပညာရှင်တွေ အစုအဖွဲ့ ၃၀ လောက်က ပြည်ပရေးရာ ဝန်ကြီးဌာနဝန်ကြီး အဲ့စ် ဂျိုင်ရှန်ကာကို စာပေးပို့တောင်းဆိုလိုက်တယ်။
အိမ်နီးချင်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး နဲ့ ဒီမိုကရက်တစ် ဖွဲ့စည်းပုံ ပြန်လည်ထားရှိဖို့ ဒေသတွင်း အားထုတ်မှုတွေကို ထောက်ပံ့ရာမှာ ဒီအချက်ဟာ အရေးပါတဲ့ ခြေလှမ်းလို့ ပါဝင် လက်မှတ်ထိုးထားသူတွေက ရှုမြင်ကြကြောင်း မတ် ၉ ရက်နေ့ အိန္ဒိယအခြေစိုက် စာချွန်တော်သတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းလို့ ဖြစ်လာတဲ့ နိုင်ငံရေး မတည်ငြိမ်မှုဟာ မြန်မာပြည်တွင်းမှာသာ သက်ရောက်တာမဟုတ်ဘဲ တောင်အာရှဒေသ တရပ်လုံးကိုပါ သက်ရောက်စေနိုင်တယ်လို့ သူတို့က ပြောပါတယ်?
အိန္ဒိယနိုင်ငံဟာ မြန်မာနဲ့ ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေပြီး နဂိုတည်းက အထိမခံတဲ့ အရှေ့မြောက်ပိုင်းဒေသ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အနှောင့်အယှက် ဖြစ်လာစေနိုင်သလို သူပုန်လှုပ်ရှားမှု ပြန်စဖို့ နယ်ပယ်ဖွင့်ပေးလိုက်သလိုပဲလို့ သူတို့ စာထဲမှာ ရေးထားပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် မီဇိုရမ်နဲ့ချင်း နယ်စပ်တလျှောက် အရပ်သားတွေ မြန်မာနိုင်ငံကနေ ဖြတ်ကျော်လာဖို့ တွန်းအားပေးနိုင်တယ်လို့ ဆိုပါတယ်။
ရွေးကောက်ခံ အရပ်သား အစိုးရနဲ့ အရပ်သားအစိုးရ အုပ်ချုပ်ခံ စစ်တပ်ကသာ တောင်အာရှအတွင်း ဒေသတွင်းနဲ့ အပြန်အလှန် တိုးတက်မှုအတွက် လိုအပ်နေတဲ့ နိုင်ငံရေး၊ လုံခြုံရေးနဲ့ စီးပွားရေး တည်ငြိမ်မှုတွေကို သေချာစေနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း စာမှာ ဖော်ပြထားပါတယ်။