
အာဏာသိမ်း စစ်တပ်က ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်တာတွေ ဆက်လုပ်မယ်ဆိုပါက လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) က သတိပေးလိုက်ပါတယ်။
အာဏာသိမ်းစစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လက်နက်မဲ့ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်နေတဲ့အပေါ် အခုလို ပြောလိုက်တာပါ။
ကေအိုင်အို/ကေအိုင်အေအနေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို အကြမ်းဖက်ဖြိုခွဲတာ၊ ပစ်ခတ်သတ်ဖြတ်တာတာတွေမလုပ်ဖို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG) ကနေတဆင့် စစ်တပ်ကို အကြောင်းကြားထားပေမယ့် ပစ်ခတ်သတ်ဖြတ်တာတွေ ရှိနေတယ်လို့ ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ကေအိုင်အို/ကေအိုင်အေအနေနဲ့ ပြည်သူဘက်က ရပ်တည်သွားမှာဖြစ်ပြီး အခုလို အကြမ်းဖက် ပစ်ခတ်တာတွေ ဆက်လုပ်နေမယ်ဆိုရင်တော့ လက်ပိုက်ကြည့်နေတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
စစ်တပ်က ဆက်လက်အကြမ်းဖက်နေဦးမယ်ဆိုရင် တကျော့ပြန်စစ်ပွဲတွေ ပြန်ဖြစ်လာမယ်လို့လည်း သတိပေးလိုက်ပါတယ်။
ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူတွေကို အကြမ်းဖက် ဖြိုခွင်းတာတွေ လုပ်လာရင် ခုခံကာကွယ်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောကြားထားပါတယ်။