ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ မတ်လ ၈ ရက်က စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒထုတ်ဖော်ပြီး ပြန်လာသူ အနည်းဆုံး ၁၀ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗန်းမော်မှာ လမ်းလျှောက်သပိတ်၊ ဆိုင်ကယ်သပိတ်တွေကို လမ်းကြောင်းခွဲ ပြုလုပ်ခဲ့ကြပြီး ဆန္ဒထုတ်ဖော်ပြီးလို့ လူစုခွဲပြီး အသီးသီးပြန်ကြချိန်မှာ လမ်းသွားလမ်းလာပါ မကျန် အဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံ မျက်မြင်တွေ့ရသူတွေက ပြောပါတယ်။
“ဗန်းမော်က နာရီစင်ဘက်မှာ ၆ ဦးလောက် အဆွဲခံရတယ်။ ညောင်ပင်ရပ်ကွက်က ၃ ဦးလောက် ပါတယ်။ စစ်တပ်ထဲက တယောက်လည်း ပါသွားပြီး သက်ဆိုင်ရာတပ်ကားက လာရောက်ခေါ်သွားတယ်။ တချို့လူတွေကိုတော့ ဗန်းမော်က ရှေ့နေတချို့က ဝိုင်းရံပေးထားတယ်”။
မနေ့ ညနေ ၅ နာရီ လောက်မှာလည်း ဆိုင်မှာ အကင်စားနေတဲ့ လူငယ်၄ ဦးကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ပြီး ၃ ဦး ပါသွားတယ်လို့ သိရပါတယ်။
ဆန္ဒထုတ်ဖော်ပွဲအပြီး အိမ်ပြန်ခဲ့ကြသူတွေ ရောဘတ်ဘုရားကျောင်းအနီးမှာလည်း ဝိုင်းထားခံခဲ့ရကာ သီသီလေး လွတ်မြောက်ခဲ့ကြပြီး မနေ့ညနေအထိ အိမ်စီးကားတွေနဲ့ လိုက်လံဖမ်းဆီးနေတယ်လို့လည်း သိရပါတယ်။