Home
မြန်မာသတင်း
တရုတ်-မြန်မာ စစ်ဘက်ဆိုင်ရာဖလှယ်မှု တိုးမြှင့်ရန် အဆိုပြု
DVB
·
October 17, 2013
တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်းတို့ မနေ့က တွေ့ဆုံခဲ့ပါတယ်။ [caption id="attachment_45038" align="alignright" width="300" caption="ဗိုလ်ချုပ်မှူးကြီးနှင့် တရုတ်သမ္မတ (ဓာတ်ပုံ - ဆင်ဟွာ)"][/caption] ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်တဲ့ တရုတ်သမ္မတ ရှီကျင်းပင်းက ၂ နိုင်ငံကြား စစ်ဘက် ပူးပေါင်းလုပ်ဆောင်ချက်တွေကို ချီးကျူး ပြောဆိုလိုက်ပြီး စစ်ဘက်ဆိုင်ရာ ဖလှယ်မှုတွေ ပိုမို တိုးမြှင့် လုပ်ဆောင်ဖို့ အဆိုပြုခဲ့တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ ရေးပါတယ်။ တရုတ်အနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အမြန်ဆုံး လုပ်ဆောင်နိုင်ဖို့ မျှော်လင့်နေပြီး ဒီအတွက် တရုတ်ကလည်း အပြုသဘောဆောင်တဲ့ ကဏ္ဍကနေ ဆက်လက် ပါဝင်ဖို့ လိုလားတဲ့အကြောင်း ပြောဆိုတယ်လို့ ဆိုပါတယ်။ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ငြိမ်းချမ်းရေးဟာ အလွန်အရေးပါသလို တိုင်းရင်းသားတွေနဲ့ ပြန်လည်သင့်မြတ်ရေးဖြစ်စဉ်ကို ထောက်ခံတယ်လို့လည်း ပြောပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ရှိ အခြေအနေတွေအောက်မှာ ဗျူဟာကျ မိတ်ဖက် ဆက်ဆံရေး တိုးမြင့်ဖို့ အရေးပါတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့လည်း သတင်းက ရေးပါတယ်။ တရုတ်ရဲ့ ကာလရှည်ကြာတဲ့ ထောက်ခံမှုနဲ့ ငြိမ်းချမ်း တည်ငြိမ်းရေးအတွက် အပြုသဘော ဆန်တဲ့ အခန်းကဏ္ဍအတွက် ကျေးဇူးတင်သလို တရုတ်နဲ့ အပြန်အလှန်ဆက်ဆံရေး ခိုင်မာ ကောင်းမွန်ဖို့ အတွက်လိုလိုလားလားရှိတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာကာကွယ်ရေးဌာနကလည်း ၂ နိုင်ငံ ဆက်ဆံရေး တိုးတက်ဖို့အတွက် မနားမနေ ကြိုးစားသွားမယ်အကြောင်းကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုတယ်လို့ သတင်းမှာ ရေးပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇနီးဟာ အောက်တိုဘာ ၁၂ ရက်နေ့က တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး ခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟို စစ်ကော်မရှင်၊ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က တာဝန်ရှိသူတွေနဲ့ ၂ နိုင်ငံ တပ်မတော်အကြား အကျိုးတူ ကိစ္စရပ်တွေ ဆွေးနွေးဖို့ ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024