ကချင်ပြည်နယ် ရွှေကူမြို့မှာ မတ်လ ၇ ရက်နေ့က ရွှေကူမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနက ဝန်ထမ်း ၁ ဦး CDM မှာ ပထမဆုံး ပူးပေါင်းလာတယ်လို့ သိရပါတယ်။
အစောပိုင်းကာလမှာ ရွှေကူစည်ပင်ဦးစီးက သူ့ရုံးရှေ့မှာ ဆန္ဒလာထုတ်ဖော်တဲ့လူငယ်တွေကို “မင်းတို့က ငါတို့ကို CDM လုပ်ခိုင်းနေရအောင် လစာပေးထားနိုင်လို့လား၊ အခု ငါ စီးတဲ့ကားမျိုး ဝယ်ပေးနိုင်လို့လား” စတဲ့ စကားတွေနဲ့ တုံ့ပြန်ခဲ့လို့ ပြည်သူတွေရဲ့ ဝေဖန်မှုမြင့်တက်နေတာပဲ ဖြစ်ပါတယ်။
အဲဒီလို ဝေဖန်မှုတွေ မြင့်တက်နေချိန်မှာ အခုလို စည်ပင်ဝန်ထမ်းတစ်ဦးက CDM ပြုလုပ်လာတဲ့အပေါ် ပြည်သူတွေက ထောက်ခံကြိုဆိုလိုက်ကြပါတယ်။
အဆိုပါဝန်ထမ်းဟာ သူ့ရဲ့ Facebook စာမျက်နှာကနေ “မိမိသည် မိမိသဘောဆန္ဒ အလျောက် CDM ပြုလုပ်ခြင်းဖြစ်ပြီး ပြည်သူ့အစိုးရ ပြန်တက်ချိန်မှသာ မိမိတို့တာဝန်များကို ပြန်လည်ထမ်းဆောင်မည်ဖြစ်ပြီး အခုလိုကာလမှာ ပြည်သူနဲ့အတူ ရပ်တည်သွားမှာ ဖြစ်တယ်” လို့ ရေးသားထားပါတယ်။
ရွှေကူမြို့နယ်မှာ မတ်လ ၇ ရက်နေ့အထိ ဌာနအသီးသီးက CDM ပြုလုပ်သူ ဝန်ထမ်းစုစုပေါင်း ၅၀၀ ကျော်အထိ ရှိလာကာ စာရင်းက အချိန်နဲ့အမျှ တိုးနေလို့ ကိန်းဂဏန်း အတိအကျ ပြောလို့မရဘူးလို့ CDM ဝန်ထမ်းများထောက်ပံ့ရေးအဖွဲ့ဆီကနေ သိရပါတယ်။