Home
မြန်မာသတင်း
“လမ်းပေါ် တွေ့သမျှ အကုန်ပစ်ကွာလို့ ပြောပြီး ပစ်တာပါ၊ အချက် ၅၀ ကျော် လောက်ရှိမယ်”
DVB
·
March 8, 2021
158309780_1064301064054236_4455941071833386745_o
158139206_1064301387387537_9004603129968796_o
157177258_1064301247387551_4884243383212769192_o
156632046_1064301137387562_4272422613518609159_o

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မတ်လ ၇ ရက်နေ့ ညနေပိုင်းက ရပ်ကွက်တွေမှာ စစ်တပ်က လာရောက်တပ်စွဲမယ်ဆိုတဲ့ သတင်းကြောင့် ရပ်ကွက်နေပြည်သူတွေက လမ်းတွေနဲ့ ဓမ္မာရုံတွေကို အတားအဆီးတွေနဲ့ ပိတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ရပ်ကွက်ဓမ္မာရုံကို မတ်လ ၆ ရက်နေ့က စစ်တပ်ကလာရောက်တပ်စွဲဖို့ ပြုလုပ်တာတွေ ရှိ လာပြီး နောက်ပိုင်း ခုလိုသတင်းတွေ ထွက်လာလို့ ဓမ္မာရုံတံခါးကို သော့အထပ်ထပ်ခတ်ပြီး ဂဟေတို့ ပိတ်ထားရသလို လုံခြုံရေးအတွက်စိတ်ပူလို့ လမ်းတွေကိုလည်း ပြည်သူတွေပူးပေါင်းပြီး ပိတ်ထားရတယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့က အမှတ် ၈ ရပ်ကွက်မှာ စစ်တပ်က ညပိုင်းကင်းလှည့်ရင်း သေနတ်တွေနဲ့ ပစ်တာတွေရှိသလို နေအိမ်တွေကို ဝင်ရောက်ရိုက်နှက်ပြီး ဒေသခံတချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

"ပိတ်မထားတဲ့ လမ်းကြားလေးထဲကနေ ဝင်လာတာ၊ လမ်းပေါ် တွေ့သမျှအကုန်ပစ်ကွာလို့ ပြောပြီး ပစ်တာပါ။ အချက် ၅၀ ကျော် လောက်ရှိမယ်။ ဒါပေမယ့် ဒဏ်ရာရတာမျိုးတော့ မကြားမိဘူး၊ အဓိက လမ်းပိတ်ထားတာကို အဲ့လိုလုပ်တာပါ''လို့ မနေ့ညပိုင်းက သေနတ်ပစ်ခံရတဲ့ ရပ်ကွက်က ဒေသခံတဦးက DVB ကိုပြောပါတယ်။

မတ်လ ၆ ရက်နေ့ကစတင်ပြီး စစ်တပ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတာများတဲ့ ရပ်ကွက်တွေမှာရှိတဲ့ ဓမ္မာရုံတွေနဲ့ စာသင်ကျောင်းတွေမှာ တပ်စွဲတာမျိုးပြုလုပ်ဖို့ လာရောက်တဲ့အပေါ် လက်မခံတဲ့ ဒေသခံတွေနဲ့ ထိပ်တိုက်တွေ့ပြီး ပြန်ထွက်သွားရတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

လက်ရှိအချိန်ထိ ပုသိမ်မြို့မှာ အမှတ် ၆ ရပ်ကွက်အတွင်းက အထက ၉ စာသင်ကျောင်းနဲ့ အမှတ် ၈ ရပ်ကွက်အတွင်းက တဂေါင်းဘုရားစေတီအတွင်းမှာ အခိုင်အမာ တပ်စွဲနေရာယူထားတာတွေ ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024