ရန်ကုန်မြို့ နေရာအနှံ့အပြားမှာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ ဒီကနေ့ မတ်လ ၇ ရက်မှာ ဆက်လက်ဖြစ်ပွားနေပြီး ရဲနှင့်စစ်တပ်ကလည်း အကြမ်းဖက်ပစ်ခတ်ဖြိုခွင်း ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပါတယ်။
အင်းစိန်လေဟာပြင်ဈေးရှေ့သပိတ်ကို စစ်တပ်နဲ့ရဲက သေနတ် ၁၀ ချက်လောက် ပစ်ဖောက် အကြမ်းဖက်ဖြိုခွဲခဲ့ပြီး လမ်းပိတ်ထားတဲ့အတားအဆီးတွေကိုလည်း စစ်တပ်နဲ့ရဲက မီးရှို့ဖျက်ဆီးသွားပါတယ်။
အင်းစိန်မီးရထားဝင်းထဲက လူငယ်တစ်ဦးနဲ့ ပိန္နဲကုန်းရပ်ကွက်ထဲက လူငယ်နှစ်ဦး စုစုပေါင်းသုံးဦးကို ဖမ်းဆီးသွားတယ်လို့ သပိတ်မှာပါဝင် သူတစ်ဦးက အတည်ပြု ပြောပါတယ်။
အင်းစိန်ကမ်းနား၊ ပေါက်တောဝ၊ ဈေးရှေ့တောက်လျှောက်မှာ သပိတ်မှောက်နေတဲ့ ပြည်သူတွေကိုလည်း စစ်တပ်နဲ့ရဲက အကြမ်းဖက်ဖြိုခွဲဖို့ ကြိုးစားခဲ့ပါတယ်။
ရွှေပြည်သာမြို့မှာလည်း ရွှေယုန်သပိတ်ကို ရဲနဲ့ စစ်တပ်က ဖြိုခွင်းပြီး ရပ်ကွက်တွေထဲအထိ စစ်သားတွေက ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။
ဒီနေ့နေ့လည်ပိုင်းမှာ ရွှေပြည်သာ ချစ်ကောင်းမှာ ဖမ်းဆီးထားတဲ့ ပြည်သူတွေကို လွှတ်ပေးဖို့ ပတ္တမြားစျေးဘက်က လူစုပြီး သပိတ်မှောက်နေတဲ့အဖွဲ့ကို ဖြိုခွင်းခဲ့ပြီး ရပ်ကွက်ထဲတွေထိ ဝင်ပစ်နေပါတယ်လို့ သိရပါတယ်။
ဒီနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်လောက်မှာ အထက်ပန်းဆိုးတန်းလမ်းကနေ ဒေါ်သိန်းတင်လမ်းထိ စစ်ကားနဲ့ ရဲတွေ ရောက်ရှိလာပြီး သိမ်ဖြူလမ်း ၅ ခွဆုံမှာ တပ်စွဲထားခဲ့ပါတယ်။
ဒီကနေ့ မနက်ပိုင်း စမ်းချောင်း ကျွန်းတောလမ်းမှာ မျက်ရည်ယိုဗုံး၊ အသံဗုံးပစ်ခတ် လူစုခွဲပြီး လိုက်လံ ဖမ်းဆီးခဲ့ရာမှ လူ ၁၀ ဦးထက်မနည်း အဖမ်းခံခဲ့ရပါတယ်။
ဒီနေ့နေ့လယ် ၁ နာရီခွဲလောက်က စမ်းချောင်းမြို့နယ် ပဒုမ္မာလမ်းမှာ ဆန္ဒပြနေသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ပစ်ခတ်ပြီး လူစုခွဲခဲ့တာကြောင့် ဗုံးဒဏ်သင့်သူတချို့ရှိခဲ့ပေမဲ့ လူပြန်စုပြီး ဆန္ဒ ဆက်ပြခဲ့ပါတယ်။
မျက်ရည်ဗုံးခွဲချိန် စျေးသည်တစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မျက်မြင်တစ်ယောက်ကပြောပါတယ်။ မွန်းလွဲ ၃ နာရီလောက်မှာ ဆန္ဒပြသူတွေဟာ လူစုခွဲခဲ့ပါတယ်။
တာမွေမြို့နယ် ကျောက်မြောင်း ဩဘာလမ်းနဲ့ သီတာလမ်းတွေဘက်မှာလည်း ဒီကနေ့ မွန်းလွဲ ၁၂ နာရီခွဲလောက်ကတည်းက စပြီး ဆန္ဒပြတဲ့ GZ လူငယ်တွေကို ရဲနဲ့စစ်တပ်က အသံဗုံးတွေ မျက်ရည်ယိုဗုံးတွေနဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
မရမ်းကုန်းမြို့နယ်မှာတော့ အောက်ဗဟိုလမ်းမကြီး ၁ ရပ်ကွက်နဲ့ ၂ ရပ်ကွက်ပြည်သူတွေစုပေါင်းပြီး အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒပြတာတွေကို ရဲနဲ့စစ်သားတွေက ရပ်ကွက်လမ်းတွေအထိ လိုက်လံအင်အားသုံးဖြိုခွင်းခဲ့ပါတယ်။
ရဲအင်အားအလုံးအရင်းနဲ့အကြမ်းဖက်ဖြိုခွင်းခဲ့ရာ သပိတ်မှောက်ပြည်သူ တချို့ ဖမ်းဆီးခံရပြီး တချို့ သေနတ်ဒဏ်ရာထိခိုက်တာတွေလည်းရှိနေပါတယ်။
လူအများအပြား သေဆုံးခဲ့တဲ့ မြောက်ဥက္ကလာပမြို့နယ်မှာလည်း စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုဆန္ဒပြမှုတွေဟာ ရပ်မသွားဘဲ အရင်နေ့တွေထက် လူပိုများလာတယ်လို့လည်း ဆန္ဒပြပွဲရောက်နေသူတစ်ဦးက ပြောပါတယ်။
မြောက်ဥက္ကလာ ကန်သာယာလမ်းဆုံနားက သပိတ်စစ်ကြောင်းကတော့ အခုနေ့လည်ပိုင်အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ကြွေးကြောနေဆဲဖြစ်ပါတယ်။
ကြို့ကုန်း အင်းစိန်လမ်းမပေါ်မှာတော့ ဒီကနေ့မနက်ပိုင်းက တိုင်းရင်းသားတွေ ပြည်သူတွေကစစ်အာဏာရှင် ဆန့်ကျင်ရေးကို ပြုလုပ်ခဲ့ပြီး ဖမ်းဆီးထားတဲ့ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ပါရမီလမ်း တစ်လျှောက်မှာလည်း စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက အင်အားအများအပြားနဲ့စောင့်ဆိုင်းနေကြတာတွေရှိပါတယ်။
သာကေတမှဦတော့ မြင်တော်သာလမ်းပေါ်က ထမီတန်းကို ရဲနဲ့စစ်တပ်က မီးရှို့ ဖျက်ဆီးပြီး အကာအကွယ်တွေကို ဘူဒိူဇာနဲ့ဖြိုခွင်းခဲ့ပေမယ့်လည်း ရပ်ကွက်သူရပ်ကွက်သားတွေက ထမီတန်းတွေ အကာအကွယ်တွေ ပြန်လည်လုပ်ဆောင်နေကြပါတယ်။