ပုသိမ်မြို့၊ အမှတ် ၈ ရပ်ကွက်၊ ဧရာမင်းဓမ္မာရုံမှာ မတ်လ ၆ ရက်နေ့ ညနေ ၃ နာရီလောက်မှာ စစ်တပ်က နေရာချထားဖို့ စစ်ကား ၇ စီးနဲ့ ရဲကားတွေ ရောက်ရှိလာခဲ့တာကို ဒေသခံတွေက ဝိုင်းဝန်းကန့်ကွက်ခဲ့ကြပြီး အခြေအနေ တင်းမာနေတယ်လို့ သိရပါတယ်။
ရပ်ကွက်ဓမ္မာရုံမှာ စစ်တပ်လာထားမှာကို လက်မခံတဲ့အတွက် ဒေသခံတွေက ထွက်လာပြီး ဝိုင်းဝန်းကန့်ကွက်ခဲ့လို့ စစ်သားတွေ ဓမ္မာရုံထဲဝင်မရဘဲ တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့အကြီးအကဲတွေ အထွေထွေအုပ်ချုပ်ရေးဌာန တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
"စစ်တပ်ဆိုတာ စစ်တပ်နေရာ နေတာပဲကောင်းပါတယ်။ ခုလို သာသနာ့နယ်မြေမှာကို လက်မခံနိုင်ပါဘူး ကျနော်တို့အနေနဲ့ ကန့်ကွက်သွားမှာပါ၊ အခြားနေရာမှာလည်း လက်မခံနိုင်ပါဘူး'' လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။
စစ်တပ်လာနေတာကို လက်မခံနိုင်သလို မပြန်မချင်းစောင့်ပြီးတော့ ဝိုင်းကန့်ကွက်သွားမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဒေသခံပြည်သူ ၅၀၀ လောက်ပေါင်းပြီး စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
ခုလို ရပ်ကွက်ဓမ္မာရုံမှာ ဘာကြောင့် တပ်က လာရောက်နေထိုင်မယ်ဆိုတာ မသိပေမယ့် သိရင်လည်း လက်ခံပေးစရာမရှိဘူးလို့ ဒေသခံတွေက ပြောဆိုပါတယ်။