
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးမှာ ပထမအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးအောင်စိုးမိုးဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်လာပါတယ်။
ပြည်သူ့ဝန်ထမ်းတစ်ဦးဖြစ်တာကြောင့် ဒီနေ့ကစပြီး မိမိဆန္ဒအလျောက် မြန်မာပြည်သူတွေနဲ့အတူ CDM မှာ ပူးပေါင်းပါဝင်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“CDM မှာ ပါဝင်ဖို့က ဘယ်သူတဦးတယောက်ကမှ တိုက်တွန်းတာမဟုတ်ဘူး။ ဘယ်နိုင်ငံရေးပါတီကမှ တိုက်တွန်းတာလည်း မဟုတ်ဘူး။ ဘယ်အဖွဲ့အစည်းကမှလည်း တိုက်တွန်းတာလည်းမဟုတ်ဘူး။ ကျနော်ကိုယ်တိုင် အမှန်တရားဘက်ကို မျက်နှာမူချင်လို့၊ အမှန်တရားဘက်ကို ရပ်တည်ချင်လို့ အဲဒါကြောင့်မို့ CDM မှာ ပါဝင်တာဖြစ်ပါတယ်။"
မြန်မာပြည်သူတွေက ဒီမိုကရေစီနည်းလမ်းနဲ့ ရွေးကောက်တင်မြှောက်တဲ့ အရပ်သားအစိုးရအပေါ် လက်နက်အားကိုးနဲ့ အဓမ္မ အာဏာသိမ်းယူပြီး ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အသက်ဆုံးရှုံးတဲ့အထိ အကြမ်းဖက်နှိမ်နင်းတိုက်ခိုက်ခြင်းတို့အပေါ် များစွာဝမ်းနည်းထိခိုက်ခံစားရတယ်လို့ ဦးအောင်စိုးမိုးက သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားပါတယ်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလရွေးကောက်ပွဲရလဒ်ကို လေးစားပြီး နိုင်ငံတော်အာဏာအား ပြည်သူတွေထံ ပြန်လည်အပ်နှံဖို့လည်း တိုက်တွန်းထားပါတယ်။
အခုလို CDM မှာ ပါဝင်တာဟာ မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ ဆန္ဒကို ငြိမ်းချမ်းစွာ ထုတ်ဖော်တာဖြစ်ပြီး လက်ရှိရာထူးကနေ နုတ်ထွက်ခြင်း လုံးဝ (လုံးဝ) မဟုတ်ကြောင်းလည်း ဖော်ပြထားပါတယ်။