
အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင်လည်းဖြစ် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (MRCCI) ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းကို ဖမ်းဆီးထားပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
ဦးအောင်ဆန်းဝင်းကို မတ် ၄ ရက် ညပိုင်းက လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး မတ်လ ၅ ရက်နေ့က မန္တလေးမြို့ အောင်မြေသာစံမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲ ရမာန်ယူထားတာလို့ တရားလွှတ်တော်ရှေ့နေ ဦးဝင်းဇော်ဦးက ပြောပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးဝင်းဇော်ဦးဟာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ ရုံးချိန်းကို သွားရင်း ဦးအောင်ဆန်းဝင်းကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲထားတာကို သိခဲ့ရတာပါ။
ဘယ်လိုအကြောင်းအရာကြောင့် တရားစွဲဆိုတယ်ဆိုတာကို မသိရသေးပေမယ့် ဦးအောင်ဆန်းဝင်း ဦးဆောင်ပြီး လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေး ဝယ်ယူဖို့ အလှူငွေတွေကို စစ်ကောင်စီကို မလှူတော့ဘဲ CDM ဝန်ထမ်းတွေကို လှူဖို့ လုပ်ဆောင်တာကြောင့်လို့ ပြောဆိုတာတွေရှိပါတယ်။
ဦးအောင်ဆန်းဝင်းကို မတ်လ ၁၉ ရက်နေ့မှာ တရားစွဲတင် စစ်ဆေးသွားမယ်လို့ သိရပါတယ်။