ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေတဲ့ပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းတာတွေ လုပ်လာရင် ခုခံကာကွယ်သွားမယ်လို့ ကေအန်ယူ တပ်မဟာ ၅၊ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ပြောပါတယ်။
စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၅၊ ဖာပွန်(မူတြော်)ခရိုင်က တိုင်းရင်းသားဒေသခံ ပြည်သူ ၁၀၀၀၀ ကျော်ဟာ မတ်လ ၅ ရက် မနက်က သပိတ်စစ်ကြောင်း နှစ်ကြောင်းခွဲကာ ကရင်ပြည်နယ်၊ ဖာပွန်မြို့နဲ့၊ ကမမောင်းမြို့တွေမှာ ငြိမ်းချမ်းစွာ လှည့်လည်ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြ ပြည်သူတွေရဲ့ ကြွေးကြော်သံတွေကို အပြည့်အဝထောက်ခံတယ်လို ကေအန်ယူ တပ်မဟာ ၅ က ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ကျရှုံးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး၊ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေး၊ UN အဖွဲ့ဝင်နိုင်ငံတွေ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရေး၊ ဒေသတွင်းက စစ်တပ်စခန်းတွေ ရုပ်သိမ်းပေးရေးနဲ့ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေနဲ့ ပြည်သူတွေကို ပြန်လွှတ်ပေးရေးတို့ကို ကြွေးကြော်ခဲ့ကြပါတယ်။
ဆန္ဒပြပြည်သူတွေကို ကေအန်ယူ တပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူပေးခဲ့သလို ရေဘူးနဲ့ အအေးတွေလည်း ဝေငှကူညီခဲ့ပါတယ်။