ကချင်ပြည်နယ် ပူတာအိုမြို့နဲ့ မချမ်းဘောမြို့က ရဲတပ်ဖွဲ့ဝင် ၄ ဦးဟာ မတ်လ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ မိမိတို့သဘောဆန္ဒအလျောက် CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဌာနကို တင်ပြထားတဲ့ စာတွေနဲ့အတူ သူတို့ရဲ့ Facebook စာမျက်နှာကနေ ကြေညာလိုက်တာဖြစ်ပြီး
ရဲတပ်သား ၄ ဦးစလုံးဟာ ဒေသခံတိုင်းရင်းသားတွေဖြစ်ကြပြီး အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို ရဲတပ်ဖွဲ့ဝင်တွေ CDM မှာ ပါဝင်လာတာနဲ့ပတ်သက်ပြီး ဒေသခံပြည်သူတစ်ဦးက "ဒါက လက်ကမ်းကြိုဆိုရမဲ့ကိစ္စ ဖြစ်ပါတယ်။ ကျန်နေသေးတဲ့ ကျနော်တို့ တိုင်းရင်းသား ညီအစ်ကိုဝန်ထမ်းတွေအနေနဲ့လည်း ဒီညီလေးညီမလေးတွေကို နမူနာယူပြီး အမြန်ဆုံး ရုန်းထွက် စေချင်တယ်။ အဲ့လိုမှမဟုတ်ရင် ပြည်သူကျိန်စာစူးပြီး သမိုင်းတရားခံတွေဖြစ်ကုန်လိမ့်မယ်။ အဲ့ဒီတော့ သတ္တိရှိရှိ ရုန်းထွက်ခဲ့ကြပါလို့ တိုက်တွန်းချင်ပါတယ်။ နောက်ပြီးတော့ ကျနော်တို့ဒေသက ထိလွယ်ရှလွယ်ဒေသဖြစ်တယ်။ အဲ့ဒီတော့ ပြည်သူတွေကလည်း CDM လုပ်ထားတဲ့ ပြည်သူ့ဝန်ထမ်းစစ်စစ်တွေကို ကာကွယ်စောင့်ရှောက်ပေးကြဖို့ လိုတယ်။ အခုကလေး ၄ ယောက်ကတော့ လောလောဆယ် လုံခြုံစိတ်ချရတဲ့ နေရာတွေမှာ တိမ်းရှောင်နေကြတယ်လို့ သိရတယ်"လို့ ပြောပါတယ်။
ပူတာအိုမြို့မှာ ဆန္ဒထုတ်ဖော်တဲ့ပြည်သူတွေကို ရဲတပ်ဖွဲ့က ဖိအားပေးတားမြစ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။