
မန္တလေးတိုင်းအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် NLD အစိုးရလက်ထက်က သတ်မှတ်ခဲ့တဲ့ stay at home မြို့နယ်တွေက ဝန်ထမ်းတွေအားလုံး ရုံးပြန်တက်ကြဖို့ အာဏာသိမ်း စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီ ၂၅ ရက်နေ့ ရက်စွဲနဲ့ ညွှန်ကြားလာတယ်လို့ သိရပါတယ်။
တိုင်းနဲ့ပြည်နယ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေမှာ ကိုဗစ်-၁၉ ကူးစက်မှုကို အထိုက်အလျောက် ထိန်းချုပ်လာနိုင်ကြောင်း စိစစ်တွေ့ရှိရတာကြောင့် နေပြည်တော်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေနဲ့ တိုင်းနဲ့ပြည်နယ်တွေက stay at home အစီအစဥ်မှာ အကျုံးဝင်ခြင်း မရှိတဲ့ မြို့နယ်တွေက ရုံးနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ နှစ်ပတ်ရုံးတက်၊ နှစ်ပတ် အိမ်မှာနေကာ ရုံးလုပ်ငန်းဆောင်ရွက်စေတဲ့ အစီအစဥ်ကိုလည်း ပြန်လည်ရုပ်သိမ်းကာ မူလအင်အားအတိုင်း အပြည့်အဝ တာဝန်ပြန်လည်ထမ်းဆောင်ကြဖို့ ညွှန်ကြားစာမှာ ပါရှိပါတယ်။
အခုအချိန်မှာ ရန်ကုန်တိုင်းနဲ့ အခြားဒေသတွေက stay at home မြို့နယ်တွေမှာလည်း ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်လာနိုင်ပြီ ဖြစ်တာကြောင့် အဆိုပါမြို့နယ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေအနေနဲ့ နှစ်ပတ်နား နှစ်ပတ် ရုံးတက် အစီအစဥ်ကို ရုပ်သိမ်းပြီး မူလအင်အားအတိုင်း ရုံးတက်ကြဖို့ Coronavirus Disease 2019(Covid 19) ကာကွယ်၊ထိန်းချုပ် ကုသရေး ဗဟိုကော်မတီကနေ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ရက်စွဲပါ စာနဲ့ သိရှိလိုက်နာကြဖို့ အကြောင်းကြားခဲ့တာလို့ ပါရှိပါတယ်။
မန္တလေးတိုင်း ဒေသကြီးမှာတော့ ကျန်းမာရေး ဝန်ထမ်း အားလုံးနီးပါး အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်း အများအပြားဟာ စစ်အာဏာရှင် တော်လှန်ရေး CDM အစီအစဥ်မှာ ပါဝင်နေကြတာလည်း ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း မန္တလေးမြို့က အစိုးရ ဆေးရုံကြီးတွေအားလုံးနီးပါးကို ပိတ်ထားလိုက်ပြီး ကုသမှု အားလုံး ရပ်ဆိုင်းလိုက်ကြတာဖြစ်ပါတယ်။
ဒါ့အပြင် ကိုဗစ်-၁၉ ကူးစက်မှုအတွက် ကူညီပေးနေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ စေတနာ့ဝန်ထမ်းတွေ အားလုံးဟာလည်း ဆက်လက် မကူညီကြတော့ပဲ ရပ်တန့်ထားကြပါတယ်။
NLD အစိုးရလက်ထက်မှာ ကိုဗစ်-၁၉ ကူးစက်မှုတွေကို နေ့စဥ် သတင်းထုတ်ပြန်ခဲ့ပေမယ့် အာဏာသိမ်း စစ်ကောင်စီ လက်ထက်မှာတော့ တိကျတဲ့ စာရင်းဇယားတွေကို ထုတ်ပြန်ပေးခြင်း မရှိခဲ့ပါဘူး။
ထိန်ထိန်လင်း