Live
Home
မြန်မာသတင်း
အရေးတော်ပုံအဓိကထောက်တိုင်သုံးခု ဟန်ချက်ညီစည်းလုံးရန်လိုဟု မင်းကိုနိုင်ပြော
DVB
·
March 4, 2021

မြန်မာ့စစ်အာဏာရှင်တော်လှန်ရေးမှာ အရေးတော်ပုံရဲ့ အဓိကထောက်တိုင် ၃ ခုဖြစ်တဲ့ CRPH၊ CDM နဲ့ ဆန္ဒပြလူထုလှုပ်ရှားမှုတွေဟာ ဒီအချိန်မျိုးမှာ ပိုပြီးဟန်ချက်ညီ စည်းလုံးဖို့ လိုအပ်တယ်လို့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။

“ပြည်သူတယောက်ထိခိုက်ကျဆုံးတိုင်း အမှန်တရားဘက်သား ပြည်သူအားလုံးအတူ နာကျင်ထိခိုက်ရတာချည်းပါပဲ။ အကျအဆုံးများရင် ပိုထိခိုက်ကြရမြဲပါ။ ဒီအရေးတော်ပုံရဲ့ အဓိက ထောက်တိုင် ၃ ခုဖြစ်တဲ့ CRPH၊ CDM နဲ့ ဆန္ဒပြလူထုလှုပ်ရှားမှုတွေဟာ ဒီအချိန်မျိုးမှာ ပိုပြီးဟန်ချက်ညီ စည်းလုံးဖို့လိုပါတယ်။ ကဏ္ဍတခုချင်းဆီရဲ့ သက်ဆိုင်ရာ တာဝန်တွေကို ဆောင်ရွက်နေချိန်မှာ အချင်းချင်း သံသယတွေမရှိဖို့ အလွန်အရေးကြီးပါတယ်။ ဘာဖြစ်လို့ ပြောရတာလဲဆိုတော့ စစ်ကောင်စီဟာ သွေးခွဲမှုတွေကို အင်တိုက်အားတိုက်လုပ်လာနေလို့ပါပဲ။”

ဒါ့အပြင် အရေးတော်ပုံ ထောက်တိုင် ၃ ခုမှာ ပါဝင်လှုပ်ရှားသူတိုင်းဟာ အသက် အန္တရာယ်ထိရင်းပြီး လုပ်ဆောင်နေရတာဖြစ်တဲ့အတွက် တဖွဲ့နဲ့ တဖွဲ့ ယုံကြည်နားလည်မှုဟာ အင်မတန်အရေးကြီးတယ်ဆိုတာကို လေးလေးနက်နက် သတိပြုစေလိုရင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

“အခု Social Mediaတွေမှာ CRPH ရဲ့ Acting government ဖွဲ့စည်းခြင်းကို account အတုတွေနဲ့ ဆန့်ကျင်တိုက်ခိုက်ပြီး သွေးခွဲဖို့ လုပ်နေတာကို တွေ့နေရတယ်။ အဲ ဒါကို သတိကြီးကြီးထားဖို့လိုပါတယ်။ လူထုများစွာထိခိုက်ကျဆုံးရခြင်းကို ကျူးလွန်သူတွေဟာ ဒီအချက်ကိုပဲ ပြန်သုံးပြီး CRPH ရဲ့ စွမ်းဆောင်ရည်ညံ့ဖျင်းမှုလို့စွပ်စွဲပြီး ၃ ချောင်းထောက်အချင်းချင်းထဲ သွေးခွဲမှုတွေ လုပ်လာပါပြီ။ အခုဆိုရင် လမ်းမပေါ်က သ ပိတ်တွေကို ရက်ရက်စက်စက်ဖြိုခွင်းလာတာကိုကြည့်ရင် စစ်ကောင်စီအကြမ်းဖက်သမားတွေဟာ နိုင်ငံတကာမျက်နှာစာမှာ အကြီးအကျယ် ကျရှုံးလာလို့ပါ။ CDM မှာလည်း အ လားတူပါပဲ။ သူတို့ ရှုံးမဲမဲမယ်လို့လည်း ပြောပြီးသားပါ။ လက်တွေ့လည်း ရက်စက်ကြမ်း ကြုတ်စွာ တိုက်ခိုက်လာပါတယ်။ အဲဒါကြောင့် လမ်းမပေါ်မှာ လူထုဆန့်ကျင်ရေးလှုပ်ရှား သူများအနေနဲ့ အထိအခိုက်၊ အကျအဆုံး အနည်းဆုံးနည်းဗျုဟာတွေကို ရွေးချယ်ဖို့ အကြံပြုပါရစေ။” 

တပြိုင်နက်တည်းမှာ ရပ်ကျေးအဆင့် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တွေကို ခိုင်မာအားကောင်းအောင်ဖွဲ့စည်းဖို့နဲ့ ရပ်ကွက်/မြို့နယ်အတွင်းရှိCDM ဝန်ထမ်းတွေကို ကာကွယ်စောင့်ရှောက်ကူညီဖို့၊ ပြည်သူတွေကို ဒုက္ခပေးမယ့် သစ္စာဖောက်တွေနဲ့ CDM မလုပ်တဲ့ ဝန်ထမ်းတွေကိုလည်း ဖော်ထုတ်ပြီး(လူမှုရေး ဒဏ်ခတ်မှု)တွေကို အရှိန်အဟုန်မြင့်လုပ်ဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။

“လူထုဆန့်ကျင်လှုပ်ရှားမှု သပိတ်တိုက်ပွဲတွေရယ်၊ ဝန်ထမ်းသပိတ် CDM တို့ကြောင့် CRPH ရဲ့လှုပ်ရှားဆောင်ရွက်မှုတွေကို အင်မတန်မှအကျိုးသက်ရောက်မှုရှိစေပါ တယ်။ CRPH ဟာ ကမ္ဘာကြီးရဲ့ အရှေ့ခြမ်း၊ အနောက်ခြမ်းနှစ်ခုစလုံးနဲ့ ဆက်သွယ်ဆောင်ရွက်နေရတာဖြစ်တဲ့အတွက် (၂၄) နာရီ နီးပါးဆောင်ရွက်နေကြရတာကိုလည်း အ ထူးပဲ လေးစားတန်ဖိုးထားပါတယ်။ CRPH ဟာ ပြည်တွင်း/ပြည်ပအဖွဲ့အစည်းမျိုးစုံ၊ လူ ပုဂ္ဂိုလ်မျိုးစုံ၊ အစိုးရပေါင်းစုံနဲ့ဆွေးနွေးရတာမို့ မနားတမ်းလုပ်နေရတာပါ။ အကြောင်း အရာစုံကိုလည်း ဆုံးဖြတ်တာဝန်ယူနေရတာပါ။ အထူးသဖြင့် ပြည်သူလူထုကို အကာ အကွယ်ပေးနိုင်ရေးကိစ္စမျိုးပါ။ ပွဲသိမ်းအောင်ပွဲအထိ ပေါ်လစီရေးဆွဲ၊ တာဝန်ယူရတာမို့ နှောင့်နှေးမှုလည်းမရှိရအောင် မှန်ကန်မှုရှိအောင်လည်း စဉ်းစားဆုံးဖြတ်ရတာပါ။ ဘာပဲ ဖြစ်ဖြစ် စောင့်ရသူဖက်က ကြာတတ်စမြဲပါ။ တာဝန်ထမ်းရသူတွေကတော့ မနားတမ်း အ မြန်ဆုံးအကောင်းဆုံး လုပ်နေကြတာပါ။ နိုင်ငံတကာအနေနဲ့တော့ သူတို့စံချိန်စံညွှန်းတွေ ရှိမှာပါပဲ။ အရေးတော်ပုံအနေနဲ့ကလည်း ပြည်တွင်းပြည်ပအင်အားတွေစုပြီး အောင်ပွဲယူ ရမှာပါပဲ။ ကျနော်အခါခါပြောခဲ့ဘူးတဲ့ "ကျနော်တို့တွေအယူအဆတွေကွဲလို့ရတယ်၊ စိတ်ဝမ်းကွဲလို့မရဘူးဆိုတဲ့"စကားကို ထပ်ပြောပါရစေ”

မင်းကိုနိုင်ကိုတော့ မြန်မာ့ဒီမိုကရေစီရေးအတွက် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွေမှာ ကျောင်းသားခေါင်းဆောင်အဖြစ်နဲ့ စတင်ပါဝင် လှုပ်ရှားလာခဲ့သူတယောက်အနေနဲ့ အားလုံးက သိကြမှာဖြစ်ပြီး သူ့ရဲ့ ဘဝအချိန် အတော်များများကိုလည်း အကျဉ်းထောင် ထဲမှာပဲ ကုန်ဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ခုလတ်တလောမှာတော့ မင်းကိုနိုင်ဟာ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်နေတာကို တွေ့ရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024