ပြည်သူ့လက်ဝယ် အာဏာပြန်လည်ရရှိရေးနဲ့ အရေးတော်ပုံအတွင်း စစ်အာဏာရှင် ဆန့်ကျင်ရင်း ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေအတွက် ဆုတောင်းပွဲကို ရေးမြို့၊ ရွှေဆံတော်စေတီ ရင်ပြင်မှာ မတ် ၃ ရက်နေ့ညပိုင်းက ပြုလုပ်ခဲ့ပါတယ်။
ဒေသခံပြည်သူ ၃၀၀ ကျော်ခန့်တက်ရောက်တဲ့ အဲ့ဒီဆုတောင်းပွဲမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံခေါင်းဆောင်တွေပြန်လည်လွတ်မြောက်ရေးအတွက်လည်း ဆုတောင်းခဲ့ကြပြီး အရေးတော်ပုံ အတွင်းမှာ ကျဆုံးသွားတဲ့သူရဲကောင်းတွေအတွက် ဆုတောင်းကာ တစ်မိနစ်ငြိမ်သက်ခဲ့ကြပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆောင်ရွက်နေသူတစ်ဦးက ''အခုရက်ပိုင်းမှ ရဲနဲ့တပ်ဘက်က ဖြိုခွင်းဖို့ ကြိုးစားလာနေကြပေမယ့် ကြိုးစားရှောင်လွှဲရင်းနဲ့ နေ့စဉ်ဆန့်ကျင်နေကြပါတယ်။ ပြည်သူ့ လက်ထဲ အာဏာပြန်ရဖို့အတွက်ကတော့ ရတဲ့နည်းနဲ့ လုပ်နေမှာပဲဖြစ်တယ်၊ အဲ့ဒီအတွက်လည်း အကောင်းဆုံးနည်းလမ်း၊ အထိရောက်ဆုံးနည်းလမ်းတွေနဲ့ စစ်အာဏာရှင်တွေကို ဆက်ပြီးတော့ ဆန့်ကျင်သွားမှာပါ '' လို့ ဒီဗွီဘီကို ပြောပါတယ်။
မတ်လ ၃ ရက်နေ့၊ မနက်ပိုင်းက ရေးမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၃ ရက်မြောက်အဖြစ် လှည့်လည်ခဲ့ပြီး ဒီနေ့မှာတော့ ရဲနဲ့တပ်က လာရောက်ဖြိုခွင်းဖို့ ကြိုးစားခဲ့ပေမယ့် ပြည်သူအချို့ကူညီမှု၊ သပိတ်စစ်ကြောင်းဦးဆောင်ချီတက်လာသူတွေရဲ့ ပါးနပ်မှုတွေကြောင့် အဖြိုခွင်းမခံခဲ့ရဘူးလို့ သိရပါတယ်။