DVB Logo
Home
မြန်မာသတင်း
ရဲနှင့်စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် မတ်လ ၃ ရက်နေ့ တစ်ရက်တည်း သေဆုံးသူ ၃၈ ဦးရှိဟု ကုလသမဂ္ဂပြော
DVB
·
March 4, 2021
ရဲနှင့်စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် မတ်လ ၃ ရက်နေ့ တစ်ရက်တည်း  သေဆုံးသူ  ၃၈ ဦးရှိဟု ကုလသမဂ္ဂပြော
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန့်ကျင်ကန့်ကွက်ဆန္ဒပြတဲ့ ပြည်သူတွေကို  ရဲနဲ့စစ်တပ်က အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် မတ်လ ၃ ရက်နေ့ တစ်ရက်တည်းမှာ  သေဆုံးသူ  ၃၈ ယောက်ရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်းရှာရာနာ ဘာဂီနာက မနေ့က နယူးယောက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

“ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုဖြစ်ပွားပြီးကတည်းက ဒီနေ့ (မတ်လ ၃ ရက်) ဟာ သွေးထွက်သံယိုအဖြစ် အများဆုံးနေ့ဖြစ်ပါတယ်။ ဒီနေ့ တစ်ရက်ထဲ ၃၈ ယောက်သေဆုံးခဲ့တယ်။ စစ်အာဏာစသိမ်းကတည်းကဆိုရင် ပြည်သူအယောက် ၅၀ ကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရထားပါတယ်” လို့ မစ္စ ဘာဂီနာက ပြောပါတယ်။ 

မစ္စ ဘာဂီနာဟာ မြန်မာ ဒုကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ဖုန်းနဲ့ ဆက်သွယ်စကားပြောဆိုခဲ့ပြီး အာဏာသိမ်းတာကြောင့် မြန်မာစစ်တပ်အနေနဲ့ နိုင်ငံတချို့ရဲ့ ပြင်းပြင်းထန်ထန် အရေးယူမှုတွေခံရနိုင်တဲ့ အကြောင်းနဲ့ အဆက်အဆံမလုပ်ပဲ အထီးကျန်ထားခံနိုင်ရတယ်လို့ သတိပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက  သူတို့ အရေးယူ ပိတ်ဆို့ဒဏ်ခတ်ခံခဲ့ရဖူးပြီး  ရှင်သန်ခဲ့တဲ့အကြောင်းနဲ့ မိတ်ဆွေနိုင်ငံအနည်းငယ်နဲ့ ဆက်လျှောက် ဖို့လုပ်သွားမယ်လို့ ပြန်လည်တုံ့ပြန် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ 

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သောကြာနေ့မှာ တံခါးပိတ်အစည်းအဝေးကျင်းပသွားမယ်လို့လည်း ကုလသမဂ္ဂ ကိုယ်စားလှယ်က ပြောပါတယ်။

မနေ့က ရန်ကုန်အပြင် ၊ မန္တလေး၊ မုံရွာ၊ မြင်းခြံ၊ မော်လမြိုင် နဲ့ စလင်းမြို့တွေမှာလည်း ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို  ရဲနဲ့ စစ်တပ်နဲ့  အကြမ်းဖက်ပစ်ခတ်မှုကြောင့်  သေနတ်ကျည်ဆန် ထိမှန်သေဆုံး ဒဏ်ရာရသူ ၄၀ နီးပါး ရှိခဲ့သလို ရာနဲ့ချီတဲ့ ဆန္ဒပြလူငယ်တွေလည်း ဖမ်းဆီး ခံခဲ့ရပါတယ်။ 

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်မှာ ပြည်သူလူထုကို စစ်တပ်နဲ့ ရဲက သေနတ်နဲ့  အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခဲ့လို့ သေဆုံးအနည်းဆုံး ၁၂ ယောက်လောက်ရှိနိုင်တယ်လို့ အရေအတွက် ဒီထက်ပိုများနိုင်တယ်လို့လည်း ဒေသခံတွေက ခန့်မှန်းပြောဆိုနေပါတယ်။

မနေ့ညက မြောက်ဥက္ကလာပဆေးရုံကို သွားကြည့်ခဲ့သူတယောက်က “ည ၈ နာရီအထိ ရင်ခွဲရုံထဲမှာ သေဆုံးသူ ၆ ယောက်ရှိတယ်။ ဒဏ်ရာရသူကတော့ အပြင်းအထန်ရတဲ့သူ အနည်းဆုံး ၁၈ ယောက်တော့ရှိမယ်။ လုံးဝ မလှုပ်နိုင်တဲ့သူတွေ။ နောက်ထပ် ဒဏ်ရာရသူတွေကတော့ ၅၀ ကျော်လောက်ရှိမယ်" လို့ ပြောပါတယ်။

သေဆုံးသူအများစုဟာ ခေါင်းကို ကျည်ထိမှန်သေဆုံးတာလို့လည်း သူက ပြောပါတယ်။ ဆေးရုံနဲ့ နီးစပ်သူတယောက်ကတော့ ည ၈ နာရီနောက်ပိုင်းမှာပဲ သေဆုံး ၁၂ ယောက်အထိ ရှိလာတယ်လို့ သိရပြီး အတိအကျသိရအောင် စုံစမ်းနေတယ်လို့ ပြောပါတယ်။

မနေ့မနက်ပိုင်းက စလို့ မြောက်ဥက္ကလာပ ဃ ဈေးနားမှာ ဆန္ဒပြနေသူတွေ စုရုံးနေချိန်ကပဲ ရဲနဲ့ စစ်တပ်က ရောက်ရှိ ပိတ်ဆို့ထားခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ အကြမ်းဖက် ဖြိုခွင်းခဲ့သလို ကျန်းမာရေးစေတနာ့ဝန်ထမ်းတွေကိုလည်း ရိုက်နှက်ခဲ့ပါတယ်။

လုံခြုံရေး ကင်မရာမှတ်တမ်းတခုမှာတော့ ရဲတွေဟာ လူမှုကူညီရေးအသင်းတခုရဲ့ လူနာတင်ကားကိုလည်း ရိုက်နှက်ဖျက်ဆီးပြီး ကျန်းမာရေး စေတနာ့ဝန်ထမ်းတွေကို ခြေထောက်နဲ့ ခေါင်းကို ကန်တာ၊ တုတ်တွေနဲ့ ရိုက်တာ၊ သေနတ်ဒင်နဲ့ ထုရိုက်တာကို တွေ့ရပါတယ်။

မနေ့ ညနေပိုင်းက မြောက်ဥက္ကလာအဝိုင်းနားမှာ စစ်တပ်နဲ့ရဲက စက်သေနတ်နဲ့  ဆက်တိုက် အချက်တွေအများကြီး ပစ်ခတ်နေခဲ့ပြီး တော်တော်များများ သေဆုံးခဲ့တယ်လို့ အဲဒီနားမှာ ရှိခဲ့သူတချို့ကတော့ စက်သေနတ်နဲ့ ပစ်တယ်လို့ ပြောပါတယ်။ မနေ့ညက နာရေးကူညီမှုအသင်း (ရန်ကုန်) ကိုလည်း ရဲနဲ့စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပါတယ်။

မနေ့က  စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် မုံရွာမှာလည်း ၉ ဦး ၊ မန္တလေးမှာ ၂ ဦး ၊ မြင်းခြံမှာ ၁ ဦး၊ စလင်းမှာ ၁ ဦးနဲ့ တခြားမြို့တွေမှာလည်း သေဆုံးသူတွေရှိခဲ့ပါတယ်။  ဒီဗွီဘီက ကနဦးကောက်ခံရရှိထားတဲ့ သေဆုံးသူတွေရဲ့  အမည်တွေကတော့ အောက်ပါအတိုင်းဖြစ်ပြီး နာမည်မသိတဲ့ သေဆုံးသူတွေလည်း ရှိနေပါတယ်။

မတ်လ (၃)ရက်သေဆုံးသူစာရင်း 

၁။ မကြယ်စင် (၁၉ နှစ်) ၊ ချမ်းအေးသာဇံ၊ မန္တလေး

၂။ ကိုမျိုးနိုင်လင်း (ခ) ဖိုးလင်း  (၃၉နှစ်)၊ ချမ်းအေးသာဇံ၊ မန္တလေး

၃။ ကိုဇင်ကိုကိုဇော် (၂၂နှစ်)၊ မြင်းခြံ၊ မန္တလေး

၄။ ဒေါ်မြင့်မြင့်ဇင် (ခ) စာရေးဆရာ ကြည်လင်အေး (၃၆ နှစ်)၊ မုံရွာ၊ စစ်ကိုင်း

၅။ ကိုမိုးအောင် (၂၃ နှစ်)၊  မုံရွာ၊ စစ်ကိုင်း

၆။ မကျော့နန္ဒာအောင် (၂၅ နှစ်)၊  မုံရွာ၊ စစ်ကိုင်း

၇။ မောင်မင်းခန့်ကျော် (ခ) ဖိုးသဲ (၁၇ နှစ်) ၊ မုံရွာ၊ စစ်ကိုင်း

၈။ ကိုဇော်သိန်းအောင်(၂၀နှစ်)၊ မုံရွာ၊ စစ်ကိုင်း

၉။ ကိုနိုင်လင်း(၄၅ နှစ်)၊ မုံရွာ၊ စစ်ကိုင်း

၁၀။ မောင်ထက်အောင်  (၁၉နှစ်) မြောက်ဥက္ကလာပ၊ ရန်ကုန်

၁၁။ ကိုမင်းဦး (၂၁ နှစ်) မြောက်ဥက္ကလာပ၊ ရန်ကုန်

၁၂။ မောင်အောင်မြင့်မြတ် (၁၉နှစ်)၊ စလင်း၊ မကွေးမြို့

Photo Credit-SawKiKi

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013