မန္တလေးမြို့မှာ စစ်အာဏာရှင်ပြုတ်ကျရေး ငြိမ်းချမ်းစွာဆန္ဒပြတဲ့ပြည်သူတွေကို မတ်လ ၃ ရက်နေ့ မနက်ပိုင်းက စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် ၂ ဦး သေဆုံးပြီး အယောက် ၂၀ လောက် ဒဏ်ရာရခဲ့ပါတယ်။
၈၄ လမ်း၊ လမ်း ၃၀ မှာ ထိုင်သပိတ်မှာ သံဃသမဂ္ဂ၊ ကျောင်းသား သမဂ္ဂ၊ ပညာရေးဝန်ထမ်းတွေ ပါဝင်ကြပြီး ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြနေတဲ့အချိန် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ်တွေပစ်ခတ်၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တာမှာ အသက် ၁၉ သမီး မကြယ်စင်နဲ့ အသက် ၃၇ အရွယ် ကိုမျိုးနိုင်လင်းတို့ သေနတ်ကျည်ဆန်ထိမှန် သေဆုံးသွားတာ ဖြစ်ပါတယ်။