မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ မြို့နယ် ၂ ခုက ရဲတပ်ဖွဲ့ဝင် ၂ ဦး မတ်လ ၃ ရက်နေ့က ပြည်သူတွေနဲ့အတူ CDM မှာ ပူးပေါင်းပါဝင်ဖို့ ရဲတပ်ဖွဲ့က ထွက်လိုက်တယ်လို့ သိရပါတယ်။
စစ်အာဏာရှင်စနစ်လက်အောက်မှာ ဆက်လက် တာဝန်ထမ်းဆောင်လိုခြင်းမရှိတဲ့အတွက် ပြည်သူနဲ့အတူ CDM (Civil Disobedience Movement) လှုပ်ရှုားမှုမှာ ပါဝင်ခဲ့သူတွေက ကျိုက်ထိုမြို့မရဲ့စခန်းက ရဲတပ်သား တင့်လွင်ထူးနဲ့ ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေရဲစခန်းက ရဲတပ်သား ကျော်ဆန်းတို့ ၂ ဦးဖြစ်ပါတယ်။
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေရဲစခန်းမှ ရဲတပ်သားကျော်ဆန်း က မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ချင်စိတ်မရှိလို့ အခုလို ပါဝင်တာမဟုတ်ဘဲ စစ်အာဏာရှင်စနစ်လက်အောက် လုံးဝ(လုံးဝ) တာဝန်မထမ်းဆောင်လိုတဲ့အတွက် ပြည်သူ့ဝန်ထမ်းတစ်ယောက်အနေနဲ့ ပြည်သူ့ဘက်က ရပ်တည်ပြီး CDM မှာ ဆက်လက်ပါဝင်သွားမယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးဆီတင်ပြတဲ့စာမှာ ရေးသားထားပါတယ်။
ဒါ့အပြင် အထက်အကြီးအကဲတွေအပေါ် မထီမဲ့မြင်ပြုလုပ်တာမဟုတ်ကြောင်း၊ ပါတီနိုင်ငံရေးအပေါ်ပါဝင်ပတ်သက်မှုမရှိဘဲ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ရာမှာ ပါဝင်နေခြင်းဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့နဲ့သက်ဆိုင်တဲ့ မည်သည့်ပစ္စည်းတစ်စုံတစ်ရာကိုမျှ ယူဆောင်သွားတာမရှိဘူးလို့ ရေးသားထားပါတယ်။
သထုံခရိုင်အတွင်းက CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ပထမဆုံးရဲတပ်ဖွဲ့ဝန်ထမ်း ၂ ဦးကို ပြည်သူတွေအနေနဲ့ ဝမ်းပန်းတသာကြိုဆိုကြောင်း လူမှုကွန်ရက် Facebook စာမျက်နှာတွေမှာ ဖော်ပြထားကြပါတယ်။