မွန်ပြည်နယ်၊ ရေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၄ ရက်မြောက်အဖြစ် ဒီနေ့ မနက်ပိုင်းက မြို့တွင်းလှည့်လည်ခဲ့ကြရာမှာ ရန်ကြီးအောင်ရပ်ကွက်၊ ဘုရင့်နောင်လမ်း (ကမ်းနားလမ်း)ကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်က လာရောက်ဖြိုခွင်းဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
စစ်အာဏာရှင်ဆန့်ကျင်ရေးပါဝင်သူ တစ်ဦးက “မနက် ၁၀ နာရီခွဲလောက်မှာ ဆန့်ကျင်လှည့်လည်ပွဲပြီးတော့ စုရပ်ဖြစ်တဲ့ ကမ်းနားလမ်းကို ပြန်ဖို့အလာ ရဲနဲ့တပ်တွေ အင်အား ၅၀ လောက်က ကားတွေနဲ့ လာပြီးတော့ ဖြိုခွင်းဖို့ ကြိုးစားခဲ့တယ်။ အဲဒီအချိန်မှာပဲ အနီးဝန်းကျင်က အရပ်သားကားတွေက ထွက်လာပြီး သူတို့ကို လမ်းပိတ်ထားသလို ဖြစ်သွားတော့ သူတို့နောက်ကျပြီး ကျနော်တို့ အချိန်မီ လူစုခွဲနိုင်ခဲ့တာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။
ရေးမြို့တွင်း နေရာအတော်တော်များများမှာ ရဲနဲ့စစ်တပ် နေရာယူထားပေမယ့် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားသူတွေအနေနဲ့ ရှောင်လွှဲသွားလာကာ ငြိမ်းချမ်းစွာ ကြွေးကြော်နေကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၇ ရက်နေ့က ဆန္ဒပြပွဲအပြီး လူတစ်ဦးကို ဖမ်းဆီးရာက ရုတ်ရုတ်သဲသဲ ဖြစ်ပွားပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ လူတစ်ဦး လက်မှာ ရာဘာကျည်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။