အမျိုးသားညီညွတ်ရေး အစိုးရတစ်ရပ် ဖြစ်လာဖို့အတွက်ကြိုးစားနေတယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုလွှတ်တော် (CRPH) အဖွဲ့ဝင်တစ်ဦးဖြစ်သလို ပြောရေးဆိုခွင့် ရှိသူတစ်ဦးလည်းဖြစ်တဲ့ ဆရာဦးရည်မွန် ခေါ် မောင်တင်သစ်က ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိသမ္မတ ဦးဝင်းမြင့်အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ ဖမ်းဆီးခံထားရတဲ့ အခြေအနေမှာ နိုင်ငံတော်အစိုးရရဲ့ လုပ်ငန်းတာဝန်တွေကို ကိုယ်စားဆောင်ရွက်ဖို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကနေပြီးတော့ မတ်လ ၁ ရက်နေ့က ခေတ္တပြည်ထောင်စုဝန်ကြီး ၄ ဦး ခန့်အပ်လိုက်ပါတယ်။
အခုလို လုပ်ဆောင်တာဟာ နောက်ထပ် ပြည်ထောင်စုအစိုးရအဖွဲ့တစ်ခုဖွဲ့ဖို့အတွက် အကြိုလုပ်ဆောင်တာဖြစ်တဲ့အကြောင်း၊ အဲဒီပြည်ထောင်စုအစိုးရကလည်း အားလုံးမျှော်လင့်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ်ဖြစ်လာမှာဖြစ်တဲ့အကြောင်းနဲ့ ဖြစ်လာဖို့အတွက် သက်ဆိုင်ရာ အစုအဖွဲ့တွေလည်း ဆွေးနွေးမှုတွေကို လုပ်ဆောင်နေတဲ့အကြောင်း CRPH အဖွဲ့ဝင် ပြောရေးဆိုခွင့် ရှိသူတစ်ဦးဖြစ်တဲ့ ဆရာဦးရည်မွန်က ဒီဗွီဘီတွေ့ဆုံမေးမြန်းခန်းမှာပြောပါတယ်။
မတ်လ ၂ ရက်နေ့စွဲနဲ့ CRPH က ထုတ်ပြန်တဲ့ ကြေညာချက်အမှတ် ( ၁၁/၂၀၂၁ ) မှာတော့ ခတ္တပြည်ထောင်စုဝန်ကြီး ၄ ဦးကို ယာယီကိုယ်စား ခန့်အပ်လိုက်ပြီး ဝန်ကြီးဌာန အနေနဲ့ကတော့ ၉ ခု ကို ကိုယ်စားပြုထားတာ တွ့ရပါတယ်။
ကိုယ်စားပြုမှုအရဆိုရင်တော့ ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေးဝန်ကြီးဌာန)၊ ဦးလွင်ကိုလတ် (သမ္မတရုံးဝန်ကြီးဌာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန)၊ ဦးတင်ထွန်းနိုင် (စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒေါက်တာဇော်ဝေစိုး (အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနတွေမှာ အသီးသီးတာဝန်ပေးလိုက်တာပါ။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရရဲ့ လုပ်ငန်းတာဝန်တွေကို ထိရောက်စွာ ဆောင်ရွက်ဖို့ သင့်လျော်တဲ့ ပုဂ္ဂိုလ်တွေကို လိုအပ်သလို ဆက်လက် တာဝန်ပေးအပ်သွားမယ်လို့ CRPH က ကြေညာထားပါတယ်။