ဒေါ်အောင်ဆန်းစုကြည် အောက်တိုဘာ ၁၈ ရက်နေ့ ဥရောပကို သွားမည်
DVB
·
October 14, 2013
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပမှာ ပြုလုပ်မယ့် ဆွေးနွေးပွဲ၊ ဟောပြောပွဲတွေ တက်ရောက်ဖို့နဲ့ ဆုတံဆိပ်တွေ လက်ခံရယူဖို့ လာမယ့် အောက်တိုဘာလ ၁၈ ကနေ နိုဝင်ဘာ ၂ ရက်နေ့အထိ ဥရောပ ၅ နိုင်ငံခရီး ထွက်ခွာဖို့ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်လ်ဂျီယံမ်၊ လူဇင်ဘတ်၊ ပြင်သစ်၊ ဗြိတိန်နဲ့ အီတလီနိုင်ငံတွေကို သွားရောက်မှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တရားဝင်ဖေ့စ်ဘွခ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အဲဒီခရီးစဉ်တွေထဲမှာ ဥရောပပါလီမန်က တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေးတာ၊ ဗြိတိန်မှ ဆန်းဒ်ဟာ့တ် စစ်တက္ကသိုလ်မှာ အမှာစကားပြောကြားတာ၊ အိုက်ယာလန်နိုင်ငံမြောက်ပိုင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး လေ့လာဆွေးနွေးတာတွေနဲ့ ပြင်သစ်နိုင်ငံ စထရာ့စ်ဘို့ခ်မြို့မှာ ဆက်ခါရော့ဗ် လူ့အခွင့်အရေးဆုကို လက်ခံရယူမယ့် အစီအစဉ်တွေ ပါဝင်ပါတယ်။
ဒါ့အပြင် မြန်မာ့ဒီမိုကရေစီရေးအတွက် အစဉ်တစိုက် အားပေးထောက်ခံခဲ့တဲ့ အီတလီနိုင်ငံက မြို့ ၄ မြို့ကိုလည်း သွားရောက်ဦးမှာ ဖြစ်ပါတယ်။