ကြည့်မြင်တိုင်၌ဖမ်းဆီးခံရသည့် ဆရာ/ဆရာမ ၇ ဦးအပါအဝင် သပိတ်မှောက်ပြည်သူများ ပြန်လွတ်

ရန်ကုန် အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ သပိတ်မှောက်ပြည်သူတွေထဲက အချုပ်ကား ၁၀ စီး စာလောက်ကို မတ်လ ၂ ရက် ဒီမနက်အစောပိုင်းမှာ ပြန်လွှတ်ပေးပြီး  သက်ဆိုင်ရာမြို့နယ် ရဲစခန်းတွေဆီကို ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။ 

အချုပ်ကားတစ်စီးမှာ လူဦးရေ ၃၀ လောက် ဝင်ဆံ့တာဖြစ်တဲ့ အတွက် အချုပ်ကား ၁၀ စီးမှာ စုစုပေါင်းလူ ၃၀၀ လောက်  ပြန်လွတ်မယ်လို့ ခန့်မှန်းရပါတယ်။

အင်းစိန်ထောင်မှာ အဖမ်းခံထားရတဲ့ သပိတ်မှောက်ပြည်သူတွေကို စတင်ဖမ်းဆီးခဲ့တဲ့ မြို့နယ် နယ်မြေရဲစခန်းကို အကျဉ်းဦးစီးက ပြန်ပို့‌မယ်လို့ အကျိုးဆောင်ရှေ့နေတွေ အရင်ရက်တွေ က‌ ပြောထားပါတယ်။ 

သက်ဆိုင်ရာနယ်မြေရဲစခန်းတွေမှာ မိသားစုဝင်‌တွေက ပြန်လည်ထုတ်ယူရမယ်လို့ အကျဉ်း ဦးစီးဌာနက ဆိုပါတယ်။ ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့က သပိတ်မှောက်ပြည်သူ ၃၀၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားတာပါ။ 

ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတဲ့ သပိတ်မှောက် ပြည်သူတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်ခဲ့ပြီး ပြည်သူအများအပြားကို ထပ်မံဖမ်းဆီးခဲ့ပါတယ်။ 

အခုအထိ သပိတ်မှောက်ပြည်သူ စုစုပေါင်း ဘယ်နှစ်ယောက်ကိုဖမ်းထားပြီး ဘယ်လောက်ပြန်လွှတ်ပေးတယ်ဆိုတာကို အတည်မပြုနိုင်သေးပါဘူး။ 

အဖမ်းခံရသူအများစုဟာ ကမာရွတ်၊ လှိုင်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ တာမွေ၊ အလုံ၊ သင်္ဃန်းကျွန်း မြို့နယ် သပိတ်တွေမှာ ပါဝင်ခဲ့သူတွေဖြစ်ပါတယ်။  

ဖေဖော်ဝါရီ ၂၈ ရက်က ကြည့်မြင်တိုင်ရန်ကုန်တိုင်း ပညာရေးမှူးရုံးရှေ့မှာ အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဆရာ/ဆရာမ ၇ ဦးကိုတော့ ဒီနေ မနက်ပိုင်းမှာ ပြန်လွှတ်လိုက်ပြီလို့ အခြေခံပညာ ပညာရေး လုပ်သားသမဂ္ဂများ ဗဟိုအလုပ်မှုဆောင် ကော်မတီက ပြောပါတယ်။

ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ဆရာ/ဆရာမ ၁၀ ယောက်ကျော်  ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂ ယောက်ကတော့ ဒဏ်ရာ ပြင်းထန်တဲ့အတွက် ဆေးရုံတက်ပြီး ဆေးကုသမှု ခံယူနေရတာပါ။ 

အကြမ်းဖက်မှု ဖြစ်စဉ်မှာ ကွယ်လွန်သွားတဲ့ လှိုင်သာယာမြို့နယ်မှ အလယ်တန်းပြ ဆရာမရဲ့ ဈာပန အခမ်းအနားကိုလည်း ဒီကနေ့  မတ်လ ၂ ရက်နေ့ မနက်ပိုင်းက ထိန်ပင်သုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့က သာကေတမြို့နယ် သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရပြီး ဖမ်းဆီးခံရသူတွေအထဲက ဆန္ဒပြပြည်သူ ၂၀၀ ကျော်ကို  ဒီနေ့ မနက်မှာ သာကေတအမှတ် ၂ ရဲစခန်းကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up