DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့အခြေစိုက် DVB သတင်းထောက်ကို စစ်တပ်နှင့်ရဲက အကြမ်းဖက်ဖမ်းဆီး
DVB
·
March 1, 2021
မြိတ်မြို့အခြေစိုက် DVB သတင်းထောက်ကို စစ်တပ်နှင့်ရဲက အကြမ်းဖက်ဖမ်းဆီး
1 / 2
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့အခြေစိုက် DVB သတင်းထောက် ကိုကောင်းမြတ်လှိုင် (ခ) ကိုအောင်ကျော်ကို စစ်တပ်နဲ့ ရဲလုံခြုံရေးတပ်ဖွဲ့တွေက ဒီကနေ့ မတ်လ ၁ ရက်ညပိုင်း ၁၀ နာရီ ၄၅ မိနစ်လောက်မှာ အကြမ်းဖက်ဖမ်းဆီးခေါ် ဆောင် သွားပါတယ်။

မြိတ်မြို့ မြစ်ငယ်ရပ်ကွက်က ကိုအောင်ကျော်ရဲ့ နေအိမ်မှာ စစ်ကားတွေ ၇ စီးနဲ့ ၈ စီးလောက်နဲ့ လက်နက်အပြည့်အစုံနဲ့ လာရောက်  ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးရတဲ့ အကြောင်းရင်းကိုတော့ ပြောဆိုခဲ့ခြင်းမရှိပါဘူးလို့ မိသားစုထံက သိရပါတယ်။

သတင်းထောက် ကိုအောင်ကျော်ရဲ့ ဇနီးဖြစ်သူ မနေခြည်မိုးထက်က “ ည ၁၀ နာရီ ၄၅ မိနစ်လောက်မှာလာပြီးတော့ အိမ်အောက်မှာ ဘာမှမပြောဘဲ တံခါးတွေကို ဖွင့်တယ်။ ဖွင့်တော့ အပေါ်ကို စလိုက်မီးတွေနဲ့ထိုးတယ်။ အဲမှာ သူက Live လွှင့် ပြီးတော့ အော်တယ်။ ကျမတို့ တိုက်က ၃ လွှာဆိုတော့ အပေါ်ကို ကျောက်ခဲတွေနဲ့ ဝိုင်းပစ်တာ၊ အပေါ်မှာ မှန် ပြတင်းတံခါး အကုန်ကွဲတယ်။ အောက်ကနေ ပြန်ဖြေနေရင်းနဲ့ အောက်ကပစ်တဲ့ ခဲနဲ့ ထိသွားလားမသိဘူး။ ဦးခေါင်းကိုထိသွားတယ်လို့ အော်တယ်။ ခဲတွေက တရစပ်ဝင်လာတော့ သူနဲ့ တွေ့လို့ မရဘူးဖြစ်နေတာ။  အိမ်နောက်ဘက်ကနေပြီး တံခါးဖွင့်ပြီး အပြင်ကို အကူအညီလှမ်းတောင်းတယ်။ သူက အောက်တံခါးကို ရအောင်ရိုက်ဖျက်ပြီးတော့ အိမ်က စီစီတီဗွီတွေလည်း ရိုက်ဖျက်ပြီးတော့ယူသွားတယ်။ ဘာဂျာတံခါးကို အတင်းတွန်းဖွင့်ပြီးတော့ ကိုအောင်ကျော်ကို ခေါ်သွားတယ်" လို့ ပြောပါတယ်။

ဖမ်းဆီးရာမှာ စစ်သားတွေနဲ့ အပြာအဖြူ ပြောက်ကျားဝတ်စုံဝတ် လက်နက်ကိုင်တွေပါဝင်ပြီး အေးဆေးဆေးဆေး လိုက်ခဲ့မယ်ဆိုတာလက်မခံဘဲ ကိုအောင်ကျော်ကို စစ်တပ်က အကြမ်းဖက် ခေါ်သွားတာဖြစ်ပြီး ဖုန်း၊ ကားသော့နဲ့  အိမ်သော့ကိုယူသွားတယ်လို့လည်း သိရပါတယ်။

ခင်ပွန်းဖြစ်သူကို အကြမ်းဖက်ဖမ်းဆီးသွားတဲ့အပေါ် ကိုအောင်ကျော်ရဲ့ ဇနီး မနေခြည်မိုးထက်က " အခုလို သတင်းပွင့်ပွင့်လင်းယူနေတဲ့ မီဒီယာကို ဖမ်းဆီးသွားတာတော့ လုံးဝမဖြစ်သင့်ဘူး။ မီဒီယာတွေကို သူတို့က မထိခိုက်ပါဘူးလို့ ကတိပေးထားပြီးတော့ မီဒီယာတွေကို ထိခိုက်တဲ့ဟာကတော့ သူတို့ စည်းကိုဖောက်လိုက်တာနဲ့ အတူတူပါပဲ။ ညီမယောကျ်ားက သတင်းယူပေးဖို့သက်သက်ပဲ။ ဆန္ဒပြတာလည်း မပါဘူး။ အုပ်စုလိုက်ဖွဲ့တာလည်း မရှိဘူး၊ ခေါင်းဆောင်တာလည်းမရှိဘူး။ ဟောတက်ပြောတာလည်း မရှိဘဲနဲ့ အခုလိုလုပ်တာ အနိုင်ကျင့် စော်ကားတာလို့ ခံစားရတယ်။ "လို့ ပြောပါတယ်။

လက်ရှိ ကိုအောင်ကျော်ကို စစ်တပ်က ဘယ်ကို ဖမ်းဆီးသွားမှန်း မသိရသေးသလို မိသားစုနဲ့လည်း အဆက်အသွယ် မရတော့ဘူးလို့ ဇနီးဖြစ်သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013