နားမကြားသူများ သင်္ကေတပြ စကားဝိုင်း ပြုလုပ်
ခွန်ဇော်ဦး
·
October 13, 2013
နားမကြားသူတွေ လူမှုအသိုင်းအ၀ိုင်းထဲ ၀င်ဆံ့နိုင်ဖို့အတွက် ရည်ရွယ်ပြီး နားမကြားသူတွေရဲ့ သင်္ကေတပြ စကားဝိုင်းကို လူမှုဝန်ထမ်းဦးစီးဌာနနဲ့ JICA (Myanmar) တို့က ပူးပေါင်းပြီး ပြုလုပ်ခဲ့ပါတယ်။
လားရှိုးမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားတဲ့ အမှတ် ၁ မူလတန်းကြိုကျောင်းမှာ အောက်တိုဘာ ၁၀ ရက်နေ့ ကနေ ၁၂ ရက်နေ့ထိ ၃ ရက်ကြာ ကျင်းပခဲ့တာပါ။
စကားဝိုင်းပြုလုပ်ရတဲ့ ရည်ရွက်ချက်ကို လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းရီက “ကျမတို့ အဓိက ရည်ရွယ်ချက်ကတော့ နားမကြားတဲ့သူတွေအတွက် လူ့အသိုင်းအ၀ိုင်းထဲကို ရောက်လာခဲ့ဖို့ပေါ့နော်။ သူတို့ကတော့ သူတို့ ဘာသာစကားနဲ့ သီးခြားကြီး ဖြစ်နေတယ်ပေါ့။ အဲဒီလို ဖြစ်နေတဲ့ဟာကို လူအသိုင်းအ၀ိုင်းထဲ ရောက်လာပြီး သူများနည်းတူ ပြောဆိုဆက်သွယ်ပြီး လုပ်နိုင်အောင်လို့ ဒီရည်ရွယ်ချက်နဲ့ နားမကြားသူတွေရဲ့ သင်္ကေတပြ စကားဝိုင်းလေးကို လာလုပ်ခြင်း ဖြစ်ပါတယ်” လို့ ရှင်းပြပါတယ်။
နားမကြားသူတွေ အများနည်းတူ လူ့အခွင့်အရေး မဆုံးရှုံးဖို့၊ သတင်းအချက်အလက်တွေကို မှန်ကန်စွာသိရှိနိုင်ဖို့၊ လူအသိုင်းအ၀ိုင်းကြားမှာ ကူညီပံ့ပိုးသူတွေနဲ့ ဆက်သွယ်နိုင်ဖို့အတွက် နားမကြားသူများ စကားဝိုင်းကို ပြုလုပ်တာ ဖြစ်ပါတယ်။
ဒီစကားဝိုင်းဆွေးနွေးပွဲကို တက်ရောက်လာသူတဦးက “ဒီလက်ပြသင်္ကေတပေါ့နော်။ နားမကြားသူတွေအတွက် လုပ်ထားတဲ့ဟာကို ဘယ်သူမှ မတတ်တဲ့အတွက် အခုလိုသင်တန်းမှာ ကျနော်တို့ သိခွင့်ရတဲ့အတွက်လည်း အများကြီး ၀မ်းသာပါတယ်။ ကျနော်တို့သိသွားပြီဆိုရင် ကျနော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ နားမကြားသူတွေကို ဒုက္ခဖြစ်နေရင် ကျနော်တို့က ကူညီပေးလို့ ရတယ်ပေါ့နော်။ သူတို့ရဲ့ဘာသာစကားကို တတ်ထားတော့ သူတို့ရဲ့အခက်အခဲတွေကို ၀င်ပြီးတော့ ဖြေရှင်းလို့ ရတာပေါ့လေ” လို့ ဆိုပါတယ်။
အဲဒီစကားဝိုင်းကို လူမှုအခြေပြု ဘာသာရေးအသင်းအဖွဲ့တွေ၊ တိုင်းရင်သားတွေနဲ့ စိတ်ပါဝင်စားသူတွေ တက်ရောက် ဆွေးနွေးခဲ့ကြပြီး နားမကြားသူများစကားဝိုင်းကို တခြားမြို့တွေမှာလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။
နားမကြားသူများ လူမှုအသိုင်းအ၀ိုင်း ၀င်ဆံ့နိုင်ရေး စီမံချက်ကို လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ(ဂျိုက်ကာ)တို့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ၃ နှစ် စီမံကိန်း ပြုလုပ်မှာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ပိုင်းကလည်း လားရှိုးမြို့မှာ အလားတူ အလုပ်ရုံဆွေးနွေးပွဲ ၁ ခု ပြုလုပ်ခဲ့ပါတယ်။