Home
ဆောင်းပါး
ဖေဖော်ဝါရီ စစ်အာဏာသိမ်း နေ့ရက်များမှတ်တမ်း
DVB
·
March 1, 2021

၁-၂-၂၀၂၁

-ဖေဖော်ဝါရီ ၁ ရက် မနက်  တပ်မတော်က  အာဏာသိမ်း။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်များနှင့် အစိုးရအဖွဲ့ဝင်များ၊ အန်အယ်လ်ဒီပါတီ ထပ်တန်းခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်း။

မြဝတီရုပ်သံမှလွဲ၍   ကျန်ရုပ်သံလိုင်းအားလုံး၊ ရေဒီယို၊ အင်တာနက်နှင့် တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများအားလုံး ဖြတ်တောက်။ 

-ဒုသမ္မတ ဦးမြင့်ဆွေ ၊ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအပါအဝင် ၇ ဦးက ကာကွယ်ရေးနှင့် လုံ ခြုံရေးကောင်စီ အစည်းအဝေးကျင်းပ။ 

-မဲစာရင်းများ စစ်ဆေးအတည်ပြုခြင်းအပါအဝင် လိုအပ်သည့်အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၄၁၈ ပုဒ်မ ခွဲ(က)အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့အား ကာကွယ်ရေးဦးစီချုပ်ထံ လွဲအပ်ကြောင်း ယာယီသမ္မတ ဦးမြင့်ဆွေက ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ထုတ်ပြန်။

-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အာဏာသိမ်းရခြင်းနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အသိပေးချက်ထုတ်ပြန်။ အရေးပေါ်ကာလပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးပါက ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီအား ပြန်လည်၍ အာဏာလွှဲ ပြောင်းပေးမည်ဟု ကြေညာ။

-ဒုဗိုလ်ချုပ်ကြီးရာပြည့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ပါဝင်သော စုစုပေါင်း အဖွဲ့ဝင်(၇) ဦးပါ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ပြန်လည်ဖွဲ့စည်းကြောင်းထုတ်ပြန်။

-ပြည်ထောင်စုဝန်ကြီး (၁၁) ဦးကို ပြည်ထောင်စုဝန်ကြီးများအဖြစ်ခန့်အပ် တာဝန်ပေးကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက အမိန့်အမှတ် ( ၆/၂၀၂၁ ) ဖြင့်ထုတ်ပြန်။

-နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို တာဝန်မှရပ်စဲ။ ဦးသန်းဆွေအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌအဖြစ်ခန့်အပ်။

-လွှတ်တော်အစည်းအဝေးတက်ရန် ရောက်ရှိနေသည့် နေပြည်တော် စည်ပင်ရိပ်သာရှိ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များကို အပြင်ထွက်ခွင့်မပေးဘဲ တားဆီးပိတ်ပင်ထား။

၂-၂-၂၀၂၁

-ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဥက္ကဋ္ဌ-ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး၊ ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဖဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ တို့ပါဝင်တဲ့  ၁၁ ဦးပါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်း။

-အာဏာသိမ်းစစ်ကောင်စီက ဒေါက်တာသီတာဦးအား ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်။ ဒေါက်တာကံဇော်အား ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ်ခန့်အပ်။ ဒုရှေ့နေချုပ်ဦးဝင်းမြင့်အား တာဝန်မှရပ်စဲ။ ဒုရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးအား အငြိမ်းစားပေး။          

-အာဏာသိမ်းစစ်ကောင်စီက ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်အား ပြည်ထောင်စု အစိုးရအဖွဲ့ဝန်ကြီးဌာန၊ ဒုဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေး။ ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်အား ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုဝန်ကြီးအဖြစ် ခန့်အပ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်တာဝန်ကို ပူးတွဲ တာဝန်ပေး။ ဥက္ကဋ္ဌဦးသိန်းစိုးပါဝင်သော ၆ ဦးပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ခန့်အပ်။  ဦးသန်းညိန်းအား ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ခန့်အပ်။ ဦးခင်မောင်ရီအားသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးရွှေလေး အား ဆောက်လုပ်ရေးဝန်ကြီးအဖြစ်ခန့်အပ်။

-အာဏာသိမ်းစစ်ကောင်စီက တိုင်းဒေသကြီး၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ ခန့်အပ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်။ ဒေါက်တာမောင်မောင်နိုင်အား နေပြည်တော်ကောင်စီဥက္ကဋ္ဌအဖြစ် ခန့်အပ်။ 

-ဖမ်းဆီးခံခေါင်းဆောင်များကိုလွှတ်ပေးရန် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန်၊ တတိယအကြိမ်လွှတ်တော်ခေါ်ရန် အန်အယ်လ်ဒီကြေညာ။ 

-ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗြိတိန်က ဦးဆောင်မှုဖြင့် မြန်မာ့အရေးဆွေးနွေး တရုတ် ရုရှားတို့၏ သဘောတူညီမှုမရသဖြင့် ကြေညာချက်မထုတ်နိုင်။ 

-နိုင်ငံတော်အာဏာသိမ်းကြောင်းထုတ်ပြန်ချက်များ ထုတ်ပြီးနောက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု၊ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် ရခိုင်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှတို့ ကို တပ်မတော်ကဖမ်းဆီး‌ခေါ် ဆောင်သွားပြီး အစိုးရအဖွဲ့ဝန် ကြီးအိမ်ရာအတွင်း ရှိနေသော ပြည်နယ်ဝန်ကြီးများ၊ တရားသူ ကြီးချုပ်နှင့် ဥပဒေချုပ်တို့ကို နေအိမ်တွင် ထိန်းသိမ်းထား။

-နိုင်ငံတဝန်း နေအိမ်အသီးသီးက  စစ်တပ်အာဏာသိမ်းမှုကိုလက်မခံကြောင်းပြသသည့်အနေဖြင့်  ရပ်ကွက်နေပြည်သူများက သံပုံးတီးပြီး စတင်ဆန္ဒထုတ်ဖော်။  

၃-၂-၂၀၂၁

-အာဏာသိမ်းစစ်ကောင်စီ နစအ  ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ။

-နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန် ဥပဒေဖြင့်လည်းကောင်း၊ သမ္မတ ဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေဖြင့်လည်းကောင်း တရားစွဲ။

-ငွေစက္ကူများ စိတ်ချယုံကြည်စွာ ဆက်လက်သုံးစွဲနိုင်ကြောင်း စစ်ကောင်စီ ကြေညာ။ 

-နေပြည်တော် စည်ပင်ရိပ်သာမှ ရွေးကောက်ခံကိုယ်စားလှယ်များ ၂၄ နာရီအတွင်း ထွက်ခွာရန် အကြောင်းကြား။

-စစ်အစိုးရလက်အောက် အလုပ်လုပ်မလုပ်လိုသည့် ဆရာဝန်များက CDM လှုပ်ရှားမှုကမ်ပိန်းလုပ်။ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှ ဆရာဝန်များ ဆန္ဒပြမှုတွင်ပါဝင်သော်လည်း အရေးပေါ်လူနာများအားဆက်လက်ကုသပေးမည်ဟု ရန်ကုန်ဆေးရုံကြီးအ ရေးပေါ်ဌာနဆရာဝန်များကကြေညာ။

-လက်ရှိဖြစ်ပေါ်နေသောအခြေအနေများကြောင့် အမေရိကန်ဒေါ်လာနှင့်ရွှေဈေးများ အတက်ကြမ်း။ 

-ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်  ၂၁-၆-၂၀၁၉ ကတည်းက ဖြတ်တောက်ထားသည့်  4G အင်တာနက်ပြန်လည်ရရှိ။

-တပ်မတော်၏ အာဏာသိမ်းမှု မအောင်မြင်ဖြစ်ရေး သေချာစေရန် နိုင်ငံတကာမှ အဓိကအရေးယူ ဆောင်ရွက်မည့်နိုင်ငံများအား စုစည်းရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရပ်စ်က ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြား။ 

-အာဏာသိမ်းစစ်ကောင်စီက နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်နှင့်  ကော်မတီဝင်များအား တာဝန်မှ ရပ်စဲ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များအဖြစ် ဒေါ်အေးနုစိန် ၊ Jeng Phang နော်တောင်  ၊ ဦးမောင်းဟာ ၊ ဦးစိုင်းလုံးဆိုင်နှင့် စောဒန်နီယယ်တို့အား ဖြည့်စွက်ဖွဲ့စည်း ။

-အာဏာသိမ်းစစ်ကောင်စီက ပြည်ထောင်စုဝန်ကြီးများအဖြစ် ဦးတင်ထွဋ် (စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး) ၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း(ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး)၊ ဒေါက်တာပွင့်ဆန်း  (စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး)၊ ဦးစောထွန်းအောင်မြင့် (တိုင်းရင်းသားလူများမျိုးများရေး  ရာဝန်ကြီး) တို့ကိုခန့်အပ် ။

-တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများကို ဖွဲ့စည်း။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်း။ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်း။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များကို အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်း ။

၄-၂-၂၀၂၁

-အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့၏ အမည်ပြင်ဆင်သတ်မှတ်ခြင်းအမိန့် ထုတ်ပြန်။ နိုင်ငံတော်သမ္မတရုံးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံးအဖြစ်သတ်မှတ်ပြင်ဆင်။

-အာဏာသိမ်းစစ်ကောင်စီက ဦးမျိုးမောင်နှင့် ဦးကြည်သိန်းတို့ကို  ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ခန့်အပ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး(၄) ဦးအား တာဝန်မှရပ်စဲ ။

-အာဏာသိမ်းစစ်ကောင်စီက PPP ပါတီခေါင်းဆာင် ဒေါက်တာ သက်သက်ခိုင်အား  လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး အဖြစ်ခန့်အပ်။ ဦးဝင်းသော်နှင့် ဒေါ်သန်းသန်းဆွေအား ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများ ခန့်အပ်။ ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းဝင်းကို စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုဝန်ကြီးများအဖြစ်ခန့်အပ်။

-နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင် ကျန်ရှိသော  အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ၇၀ ခန့်က လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုကာ ကတိသစ္စာပြု။ နေပြည်တော်စည်ပင်ဝင်း အတွင်းမှာပင် ကိုယ်စားလှယ်အဖြစ် ကတိသစ္စာပြုလွှာများ၌ လက်မှတ်ရေးထိုးကာ တတိယအကြိမ် လွှတ်တော်ခေါ်ယူကျင်းပ ။

-မိုးညှင်းတွင် ခရိုင်နှင့်မြို့နယ် NLD ရုံးများကို စစ်အစိုးရက ချိပ်ပိတ် ။ - ရန်ကုန်တက္ကသိုလ် ဆရာ ဆရာမများက CDM တွင်ပါဝင်

-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ် တော်၌ မြန်မာနိုင်ငံဘဏ်များအသင်း နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌ များ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ ။

-ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါနှင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံအတွက် အ ရေးပေါ်အကူအညီ ပေးရေး အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က မြန်မာနိုင်ငံသို့ အာဏာမသိမ်းခင်ရက်ပိုင်းက အမေရိကန် ဒေါ်လာ သန်း ၃၅၀ အကူအညီ ပေးခဲ့သည်။ တပ်မတော်က အာဏာသိမ်းယူခဲ့ပြီး ယင်းရန်ပုံငွေများအား IMF က ပြန်ရုပ်သိမ်း၍ ရယူရန် မဖြစ်တော့ဖွယ်ရှိကြောင်းရိုက်တာသတင်းတွင်ဖော်ပြ ။ 

-တပ်မတော်က ဖွဲ့စည်းသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့် ဝန်ကြီးဌာနတွင် ပါဝင် သည့် ကရင်ပြည်သူ့ပါတီ(KPP) ခေါင်းဆောင်များအား ကန့်ကွက်ရှုတ်ချကြောင်း ကရင်လူငယ်များ ကဖေဖော်ဝါရီ ၄ ရက်နေ့တွင် သဘောထားထုတ်ပြန်လိုက်သည်။ 

၅-၂-၂၀၂၁

-အာဏာသိမ်းစစ်ကောင်စီက ဗိုလ်မှူးချုပ် ဇော်မင်းထွန်း   အဖွဲ့ခေါင်းဆောင်အဖြစ်ပါဝင်သော (၃)ဦးပါ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ၏သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်း ။

-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ ဦးဝင်းထိန်ကို နေပြည်တော် ဥတ္တရသီရိခရိုင်ရဲစခန်းတွင် ဖမ်းဆီး။ 

-စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်နှင့် မြန်မာဘီယာ အကျိုးတူပူးပေါင်းထုတ်လုပ်သည့် ဂျပန် Kirin အုပ်စုက စီးပွားရေးပူးပေါင်းဆက်ဆံမှုအားလုံးကို ရပ်ဆိုင်း။ 

၆-၂-၂၀၂၁

-အာဏာသိမ်းပြီး (၆) ရက်မြောက်နေ့တွင် ရန်ကုန်ပြည်သူများ လှိုင်မြို့နယ်စိန်ဂေဟာရှေ့မှ လှည်းတန်းအထိ လမ်းလျှောက်ဆန္ဒပြ။ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က တားဆီးခဲ့သော်လည်း ထိပ်တိုက်တွေ့ဆုံမှုမဖြစ်ခဲ့။ မန္တလေးတွင်လည်း မြို့ခံများ ဆန္ဒပြ။

-CDM လှုပ်ရှားမှုကို ကူညီကြရန် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တိုက်တွန်း။

အာဏာသိမ်းမှုကိုကန့်ကွက်ကြောင်း KNPP ထုတ်ပြန်။

၇-၂-၂၀၂၁

-သမ္မတဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ကျန်းမာစွာဖြင့်နေအိမ်အသီးသီး  တွင်ရှိနေကြောင်း ဒီချုပ်အသိပေး ။ ဒေါက်တာဇော်မြင့်မောင်ကို ပြန်လည်ဖမ်းဆီး ။ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် ရာထူးမှ  နုတ်ထွက်။

-ရန်ကုန်ဒုတိယမြောက်နေ့ဆန္ဒပြပွဲတွင် အင်အားသောင်းချီပါဝင်။  မန္တလေးဆန္ဒပြပွဲတွင် လည်း ပြည်သူ အင်အားသောင်းချီပါဝင်။ နေပြည်တော်တွင် အင်အားထောင်ချီဆန္ဒပြ ။

-ဆန္ဒပြသူများအား တပ်မတော်နှင့်ရဲတပ်ဖွဲတို့ တုံ့ပြန်အရေးယူခြင်းမပြုရန် ကုလလူ့အခွင့်အရေး  ကောင်စီကတိုက်တွန်း ။

-အာဏာသိမ်းအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် ကုလသမဂ္ဂနှင့်နိုင်ငံတကာကို ဒီချုပ်တိုက် တွန်း။

-သြစတြေးလျ စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ် ဖမ်းဆီးခံထားရ။

-ရွေးကောက်ခံဒီချုပ်ကိုယ်စားလှယ်များစုပေါင်း၍ တတိယအကြိမ် စစ်ကိုင်းတိုင်းလွှတ်တော် ခေါ်ယူ။

-အာဏာသိမ်းအစိုးရဖွဲ့စည်းသော နအစတွင် ANP ပါတီမှပါဝင်နေခြင်းကို ပြန်လည်သုံးသပ်ရန် ယင်း ယင်းပါတီအား ရခိုင်အရပ်ဘက်အဖွဲ့အစည်း (၄၇)ခုက ကြေညာချက်ထုတ်။ နအစကောင်စီတွင် ပါဝင်ရန် မွန်ညီညွတ်ရေးပါတီ သဘောတူ ။

-ထားဝယ်၊ မြိတ်၊ မြောင်းမြ၊ ဟင်္သာတ၊ ဖားကန့်၊ မော်လမြိုင်၊ မာန်အောင်၊ တောင်ကြီးနှင့် မြို့အများအပြားတွင် ဆန္ဒပြ။

-ဖေဖော်ဝါရီ ၆ ရက်နှင့် ၇ ရက်တို့တွင်  အင်တာနက်ပြတ်တောက်မှုကြောင့် အွန်လိုင်းကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းအားလုံးရပ်ဆိုင်း။

-အာဏာသိမ်းစစ်ကောင်စီက ဦးမောင်မောင်အုန်းကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးအဖြစ်ခန့်အပ်။ ဒုတိယဝန်ကြီးများ (၆) ဦးခန့်အပ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး(၃) ဦးခန့်အပ်။ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်(၃)ဦး။ တိုင်းဒေသကြီး သို့မဟုတ် တရားလွှတ်တော်တရားသူကြီး (၄)ဦး ခန့်အပ်။ ဦးကျော်ဆန်းအား မန္တလေးတိုင်း စည်ပင်သာယာရေးကော်မတီ  မြို့တော်ဝန် အဖြစ်လည်းကောင်း၊ ဦးမောင်မောင်    အား နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန်အဖြစ်လည်းကောင်း ခန့်အပ်။

၈-၂-၂၀၂၁

-နိုင်ငံတစ်ဝန်း မြို့ပေါင်း ၁၂၀ ကျော် စစ် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ ။ ရန်ကုန်ဆန္ဒပြပွဲ တတိယနေ့ ပြည်သူသိန်းချီပါဝင် ။ တောင်ကြီးတွင် လူတစ်သိန်းကျော်ဆန္ဒပြ။ ဧရာဝတီတိုင်းတွင် ဝန်ထမ်းများအပါအဝင် မြို့နယ် ၂၀ ကျော်မှ လူတစ်သန်းကျော်ဆန္ဒပြ ။

-ဆန္ဒပြပွဲများ အကြမ်းမဖက်လှုပ်ရှားမှုဖြစ်ရန် အရေးကြီးကြောင်း မင်းကိုနိုင် သတိပေး။

-နေပြည်တော်ရှိ ဝန်ထမ်းအများစု တနင်္လာနေ့ရုံးမတက်ဘဲ CMD လှုပ်ရှားမှု၌ ပါဝင်။

-ဆန္ဒပြပွဲ ပုံဖျက်ခံရနိုင်ဟု NLD သတိပေး။ ဆေးတက္ကသိုလ်  ပါမောက္ခချုပ်များပါဝင်လာ။

-နေပြည်တော်ဆန္ဒပြပွဲတွင် ဆန္ဒပြပြည်သူများနှင့် ရဲတပ်ဖွဲ့ထိပ်တိုက်တွေ့ ။

-ဘဏ်လုပ်ငန်းများအပါအဝင် ပြည်တွင်းစီးပွားရေးလုပ်ငန်းအချို့ရပ်နား ။

-ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် ပြန်လည်ဖမ်းဆီးခံရ ။

-တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များ၌ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ - ၁၄၄ အရ လူ ၅ ဦးသို့မဟုတ် ၅ ဦးထက်ပိုပြီး စုဝေးခြင်းမပြုရန်နှင့် ည ၈ နာရီမှ နံနက် ၄ နာရီအထိ မထွက်ရ အမိန့် ထုတ်ပြန်။ 

- အာဏာသိမ်းစစ်ကောင်စီက ဦးအောင်သန်းဦးအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ် ။ ဥက္ကဋ္ဌအဖြစ် ဦးသန်းကျော် ပါဝင်သည့် အဖွဲ့ဝင် (၉)ဦးပါ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး အဖွဲ့ဝင်များခန့်အပ်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်(၅)ဦးခန့်အပ်။ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများခန့်အပ်။

၉-၂-၂၁

-နိုင်ငံတဝန်း  ဒေသအနှံ့တွင် ဆန္ဒပြပွဲများ ဆက်လက်ပြုလုပ်။ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်း ဆန္ဒပြသူအချို့ ဖမ်းဆီးခံရပြီး အချို့ဒဏ်ရာရရှိ။

-နေပြည်တော် ဆန္ဒပြပွဲမှုတွင် ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်နှိပ်နင်းသည့်ဖြစ်စဉ်တွင်  အသက်(၁၉) နှစ်အရွယ် မမြသွဲ့သွဲ့ခိုင် သည် ဦးခေါင်း သေနတ်ကျည်ဆန်ထိမှန်ပြီး  နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံ၌ အသက်လုနေရသည့် အခြေအနေတွင်ရှိ ။

-နိုင်ငံ့ဝန်ထမ်းများ တာဝန်ထမ်းဆောင်မှုအပေါ် နည်းလမ်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်မှုများကို ဖော်ထုတ် အရေးယူမည်ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံပိုင် ရုပ်သံမှ ပထမဆုံးအကြိမ် မိန်ခွန်းပြော ။

-မြန်မာပြည်သူများနှင့်အတူရပ်တည်ကြောင်းအမေရိကန် ထုတ်ပြန်ကြေညာ ။

-ယနေ့ည ၉ နာရီကျော်တွင် တပ်မတော်နှင့် ရဲယူနီဖောင်း၊ အရပ်ဝတ် ဝတ်ဆင်ထားသူ (၁၅)ဦးခန့် NLD ရုံးချုပ်တံခါးများကို ဖျက်ဆီးကာ ဝင်ရောက်ရှာဖွေ။ ရုံးချုပ်ရှိစာရွက်စာတမ်းများ ၊ အင်တာနက်  သုံးစွဲသည့်ပစ္စည်းများ၊ စောင့်ကြည့်ကင်မရာထိန်းသိမ်းစက်များ၊ မီးခံသေတ္တာအတွင်းရှိ ပစ္စည်းများ  ပျောက်ဆုံးခဲ့ပြီး ဆက်သွယ်ရေးကိရိယာနှင့် ဝိုင်ယာကြိုးများလည်း ဖြတ်တောက်ခံရ။

-တပ်မတော်က အာဏာရယူခဲ့ခြင်းသည် တရားဥပဒေစိုးမိုးရေး၏စည်းမျဉ်းများ၊ နိုင်ငံတကာဥပဒေနှင့် မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ICJ ကြေညာ။

-အကြမ်းဖက်မှုကို ရပ်တန့်ရန် တပ်မတော်အား သတိပေးပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာပြည်သူများ၏ အခြေခံလူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးကြရန် UN အထူးကိုယ်စားလှယ် တိုက်တွန်း ။

-စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် (၂)ဦး ထပ်မံခန့်အပ် ။

-ရွေးကောက်ခံပြည်သူ့ အစိုးရကို တပ်မတော်က အာဏာသိမ်းပြီးနောက် မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက အထူးအစည်းအဝေးကို ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျင်းပမည်ဟု ကုလသမဂ္ဂက ထုတ်ပြန်။

၁၀-၂-၂၀၂၁

-ဝန်ကြီးချုပ်များ အပါအဝင် နေအိမ်အကျယ်ချုပ်ချထားသည့် NLD ထိပ်ပိုင်းခေါင်းဆောင် ဦးထွန်း ထွန်းဟိန်၊ ဒေါက်တာမျိုးအောင်နှင့် ဝန်ကြီးဦးကျော်တင့်ဆွေတို့ကို တပ်မတော်က ထပ်မံဖမ်းဆီး။

-NLD ပါတီရုံးချုပ်စီးနင်းခံရမှုကိစ္စ ဗဟန်းရဲစခန်းတွင် အမှုဖွင့်။

-ကယားပြည်နယ်ရဲတပ်ဖွဲ့ဝင် ၄၉  ဦး ဆန္ဒပြပြည်သူများနှင့် ပူးပေါင်း။ ရန်ကုန်နှင့်မန္တလေးမှ ဗဟိုဘဏ်ဝန်ထမ်း ၁၀၀ ကျော် CDM တွင် ပါဝင်လာ။

-မြန်မာ့တပ်မတော်နှင့် စာချုပ်တစ်ခုကို ဟောင်ကောင်ကုမ္ပဏီ ဖျက်သိမ်းလိုက်ပြီး အခြားကုမ္ပဏီများလည်း ယင်းသို့လုပ်ဆောင်ရန် JFM တိုက်တွန်း။

-မြန်မာအာဏာသိမ်း စစ်ကောင်စီထံမှ အကူအညီတောင်းခံသည့် စာတစ်စောင် လက်ခံရရှိထားကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ် ပြောကြား။

-နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းလုနီးပါးဖြစ်လာ။

-ဗဟိုဘဏ် အဖွဲ့ဝင်များအဖြစ် ဒေါက်တာခင်နိုင်ဦးနှင့် ဦးအောင်ကျော်သန်းအား ခန့်အပ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဖွဲ့စည်း။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဖွဲ့စည်း။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း။ မန္တလေးမြို့တော်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း ။

၁၁-၂-၂၀၂၁

-မေးမြန်းရန်ရှိသည်ဟုဆိုကာ ဒေသအသီးသီးရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများကို တပ်မတော်က ခေါ်ဆောင်ထိန်းသိမ်း။

-တပ်မတော်ခေါင်းဆောင်များကို ချက်ချင်း ဒဏ်ခတ်ပိတ်ဆို့နိုင်မည့် အမိန့်တစ်ရပ်ကို ခွင့်ပြုလိုက် ကြောင်း အမေရိကန်သမ္မတ ကြေညာ။

-ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ တွေ့ခွင့်မရသေးဟု ဒီချုပ်ဝါရင့်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ပြော။

-CMD လှုပ်ရှားမှုတွင်ပါဝင်သည့် ဝန်ထမ်းများကို လိုက်လံဖမ်းဆီးနေ ။

-နေပြည်တော်ဆန္ဒပြပွဲတွင် ဦးခေါင်းကျည်ထိမှန်သည့် မမြသွဲ့သွဲ့ခိုင်အား ခွဲစိတ်ကုသရန်   Medical Team ဖွဲ့၍ ဆုံးဖြတ်မည်။

-အကြမ်းဖက်ဖြိုခွင်းခဲ့သော နေပြည်တော်သပြေကုန်းဝိုင်းအနီးသို့ ဝန်ကြီးဌာန ပေါင်းစုံ ဝန်ထမ်းများက သပိတ်စစ်ကြောင်းများဖြင့် ဆက်လက်ဆန္ဒပြ။

-ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဆိုက်ဘာလုံခြုံရေးဥပဒေ မူကြမ်းသည်လူထုကို နည်းမျိုးစုံဖြင့် ဖိနှိပ်ရန် စတင်ကြိုးပမ်းမှုအဖြစ်မှတ်ယူကြောင်း အရပ်ကဘက်အဖွဲ့အစည်း ၁၀၀ ကျော်က ပူးတွဲကြေညာ။

-ရခိုင်ပြည်နယ်တွင် မြို့နယ်ရွေးကော်ဥက္ကဋ္ဌများ ဖမ်းဆီးခံရ။

-မသမာသူအချို့ သွေးထိုးမှုကြောင့် နိုင်ငံ့ဝန်ထမ်းအချို့ လုပ်ငန်းတာဝန်ပျက်ကွက်နေဟု ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ပြောကြား။

-ဦးကျော်မျိုးထွဋ်အား အာဏာသိမ်း စစ်ကောင်စီ၏  နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ခန့်အပ်။ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ ခန့်အပ်။

-အာဏာသိမ်း စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်အပေါ် ပြန်လည်စိစစ်ခြင်းနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်။

-ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် ၁၀ ယောက်နှင့် စီးပွားရေးလုပ်ငန်း ၃ ခုကို  အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်အရေးယူ။

-တပ်မတော်က ထိန်းချုပ်ထားသည့် ထပ်တိုး Page များသည် သတင်းမှားပေးမှုကို တားမြစ်ထား သော မိမိတို့၏ မူဝါဒများအား ထပ်တလဲလဲ ချိုးဖောက်နေခြင်းကြောင့် ထို Page များကိုလည်း ကန့် သတ်မှုစီမံချက်များ ချမှတ်လုပ်ဆောင်သွားမည်ဟု Facebook က ထုတ်ပြန် ။

၁၂-၂-၂၀၂၁

-တပ်မတော်ခေါင်းဆောင်များ၊ ဆက်နွှယ်သူများနှင့် ကုမ္ပဏီများကို အမေရိကန်သမ္မတအမိန့်ဖြင့် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှု စတင်။

-မော်လမြိုင်တွင် ဆန္ဒပြကျောင်းသားအချို့အပါအဝင်  (၉) ဦးအား ဖမ်းဆီးပြီးနောက် ပြန်လွှတ်ပေး။

-မြန်မာပြည်သူများ၏အခွင့်အရေးများကို ကမ္ဘာကြီးက စောင့်ကြည့်နေပြီး ထောက်ခံကူညီပေးသွား မည်ဟု ကုလသမဂ္ဂပြော။

-နေပြည်တော်ဆန္ဒပြပွဲတွင် ဦးခေါင်းကျည်ထိမှန်သည့် မမြသွဲ့သွဲ့ခိုင် ဦးနှောက်သေဆုံးသွား၍ ဆေး ပညာအရ ကွယ်လွန်သွားပြီဟု ဆရာဝန်များ အတည်ပြု။

-အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူများအတွက် USAID က‌ဒေါ်လာ ၄၂ သန်းကူညီမည်။

-နအစက အာဏာသိမ်းပြီး ၁၂ ရက်အကြာတွင် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်များ ထုတ်ပြန်၍ အကျဉ်း သား ၂၃၃၁၄ ဦးကို လွှတ်ပေး။ ဒေါက်တာအေးမောင် ပြန်လည်လွတ်မြောက်။ 

-တပ်ထောက်ခံပွဲတွင် ပါလာသူများရန်ပြု၍ မိထ္ထိလာမြို့ခံအချို့ ဒဏ်ရာရ၊ နေအိမ်နှင့်ဈေးဆိုင်အချို့ ဖျက်ဆီးခံရ ။

-နေပြည်တော်ဝန်ထမ်းများ CDM လှုပ်ရှားမှု ဆက်လုပ်။

-ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများကို တာဝန်မှရပ်စဲကြောင်း တိုင်းနှင့်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီများကကြေညာ။

-ဆိုက်ဘာလုံခြုံရေးဥပဒေကို ဆောလျင်စွာပြဋ္ဌာန်းမည်ဆိုပါက ပြင်းထန်စွာကန့်ကွက်ကြောင်း မြန်မာ နိုင်ငံကွန်ပြူတာအသင်းချုပ်နှင့် ကွန်ပြူတာအသင်းများ ထုတ်ပြန် ။

-ရန်ကုန်ဆန္ဒပြပွဲ ၇ ရက်မြောက်နေ့တွင် လူအင်အား သိန်းနှင့်ချီဆန္ဒပြ။ ရန်ကုန်မြို့ရှိ တက္ကသိုလ်ပေါင်းစုံမှ ဆရာဆရာမနှင့်ဝန်ထမ်းတစ်ထောင်ကျော်ဆန္ဒပြ။

-ဝန်ကြီးဌာန ၁၅ ခု၏ ဝန်ထမ်းများအပါအဝင် ပြည်သူဝန်ထမ်း တစ်သိန်းကျော် CDM  လှုပ်ရှားမှုတွင်ပါဝင်။

-တက္ကသိုလ်ကျောင်းသားသမဂ္ဂ (၁၈)ခု စုပေါင်း၍ တရုတ်သမ္မတထံ အိတ်ဖွင့်စာပို့။

-ဦးမင်းထိန် အားဆောက်လုပ်ရေးဒုဝန်ကြီးအဖြစ် ခန့်အပ်။ ဗိုလ်မှူးကြီးမင်းနောင် အား နေပြည်တော်ကောင်စီဝင်အဖြစ် ခန့်အပ်။ တိုင်းဒေသကြီး/ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များခန့်အပ် ။

၁၃-၂-၂၀၂၁

-စစ်တပ်အာဏာသိမ်းမှုသည် ဥပဒေနှင့် ဆန့်ကျင်ပြီး တရားဝင်အစိုးရအဖြစ် နိုင်ငံတကာက အသိအမှတ်ပြု မည်မဟုတ်ဟု မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ တွမ်အန်ဒရူး ပြောကြား။

-စစ်အာဏာရှင်ဝါဒချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသားအင်အားစုများနှင့် လက်တွဲကြိုးပမ်းမည်ဟု ၂၀၂၀ ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၃၀၀) ကျော် အားကိုယ်စားပြုသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကကြေညာချက်ထုတ်ပြန်။

-တပ်မတော်၏အာဏာသိမ်းမှုကို ဆန့်ကျင်ဖီဆန်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၇၀ ကျော်ရှိလာ။

-အာဏာသိမ်းအစိုးရဟုမရေးရန် သတင်းမီဒီယာများကို ပြန်ကြားရေးက ဖိအားပေး။

-လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာသည့် အကျဉ်းသားများနှင့် ကလေးငယ်အချို့ကို ရန်ကုန်အပါအဝင် မြို့နယ်(၇) ခုတွင် မသင်္ကာဖွယ်တွေ့ရှိ၍ ရပ်ကွက်နေပြည်သူများက ဖမ်းဆီး။

-ဆိုက်ဘာလုံခြုံရေးဥပဒေ အတည်ပြုရန်ကြိုးပမ်းမှု တရားမဝင်ကြောင်း ဒီချုပ်ထုတ်ပြန် ။

-ကိုမင်းကိုနိုင်အပါအဝင် ထင်ရှားသူ (၇)ဦးကို တရားစွဲဆိုထားပြီးဖြစ်၍ သတင်းပေးတိုင်ကြားရန်  အာဏာသိမ်းစစ်ကောင်စီထုတ်ပြန်

-အိန္ဒိယကုမ္ပဏီ  Adani က စီးပွားရေးဦးပိုင်နှင့် ဆောင်ရွက်နေသည့် ဒေါ်လာ သန်း ၃၀၀ တန် စီမံ  ကိန်းအနာဂတ်ကို ဆုံးဖြတ်ရန် အခြေအနေစောင့်ကြည့်နေဟု ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူကပြော။

-ဧည့်စာရင်းစစ်ရန် ၊ ဧည့်စာရင်းတိုင်ကြားရန် ပြဋ္ဌာန်းချက်များ ပါဝင်သည့် ရပ်ကွက် သို့မဟုတ် ကျေး ရွာ အုပ်ချုပ်ရေးဥပဒေကို စတုတ္တအကြိမ် ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း။

-နိုင်ငံသားများ၏အခွင့်အရေးအချို့ကို ပြန်လည်ရုပ်သိမ်းသည့် ပြဋ္ဌာန်းချက်များပါဝင်သော နိုင်ငံသား  များ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြင်ဆင် သည့်ဥပဒေ ပြဋ္ဌာန်း။

-ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသူများနှင့် အရပ်သားများကို အကြမ်းမဖက်ရန် အမေရိကန် ၊ ဗြိတိန် အပါအဝင် သံအမတ်ကြီး(၁၅)ဦး စုပေါင်းတောင်းဆို။ 

-မြစ်ကြီးနားဓာတ်အားခွဲရုံမှ တပ်မတော်သားများ ထွက်ခွာရန် တောင်းဆိုသည့် ပြည်သူများအား ဖြိုခွင်းစဉ် သတင်းထောက် ၅ ဦး အပါအဝင်အရပ်သားများ ဖမ်းဆီးခံရ။

-ရန်ကုန်တွင် နှစ်ညအတွင်း မသင်္ကာသူများကို ရပ်ကွက်နေပြည်သူများ ဖမ်းဆီးထိန်းသိမ်းမှု (၁၀)ခု ကျော်ရှိ။

-ထားဝယ်ပြည်သူများ ဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့ဝင် (၇) ဦး ပူးပေါင်း။ မန္တလေးပြည်သူများ ဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့ဝင် (၄) ဦး ပူးပေါင်း။

-အာဏာသိမ်းမှုဆန့်ကျင်ရေးကို ကူညီမည်ဟု KNU ထုတ်ပြန်။

-ဖေဖော်ဝါရီ ၁ ရက်နေ့ကစ၍ အင်တာနက်ပိတ်ပင်ရန် ညွှန်ကြားခဲ့မှုများကို တယ်လီနော ထုတ်ပြန် ။ 

-အာဏာသိမ်းကောင်စီ၏ ဥပဒေပြင်ဆင်ချက်များကို လိုက်နာရန်မလိုဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကကြေညာ။

-ရာဇသတ်ကြီးဥပဒေကိုပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း ။ ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း ။ ပြည်နယ်/တိုင်းဒေသကြီး ဥပဒေချုပ်များအား ပြည်နယ်/တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များအဖြစ် ဖြည့်စွက်ဖွဲ့စည်း ။

၁၅-၂-၂၀၂၁

-မြန်မာ့စီးပွားရေးဘဏ်ခွဲ (၁) နှင့်  (၂)မှ ငွေများကို စစ်တပ်က လာထုတ်ယူသွား။ 

-မန္တလေးမြန်မာ့စီးပွားရေးဘဏ်(၁)ရှေ့ ဆန္ဒပြနေသူများကို အကြမ်းဖက်ဖြိုခွင်း၍ ပြည်သူအချို့ဒဏ်  ရာရ။

-ရန်ကုန်ရှိ NLD ရုံးချုပ်သို့ ရှာဖွေရန်ဆိုကာ ရောက်လာပြီး ပိတ်ဆို့ထားသော ရဲနှင့်တပ်မတော်သား များကို ပြည်သူများ ဝိုင်းဝန်းကန့်ကွက်ရာ နှစ်နာရီအကြာတွင် ဆုတ်ခွာ။

-ဆန္ဒပြနေစဉ် ဖမ်းဆီးခံခဲ့ရသည့် နေပြည်တော်မှ ကျောင်းသား နှစ်ဆယ်ကျော်ကို ပြန်လွှတ်ပေး ။

-ရန်ကုန်လမ်းမများပေါ်သို့ တင့်ကားများထွက်လာသော်လည်း ဆန္ဒပြပွဲများ ဆက်လက်ပြုလုပ်။

-အာဏာသိမ်းကောင်စီ၏ ဥပဒေပြဋ္ဌာန်းချက်များကို အသိအမှတ်မပြုကြောင်းနှင့် ပြည်သူများအနေ ဖြင့် လိုက်နာရန်မလိုကြောင်း ရှမ်းပြည်နယ်အစိုးရကြေညာ ။

-ဖယ်ခုံမြို့နယ် ထိုင်သပိတ်သို့ ရဲတပ်ဖွဲ့ဝင်(၂) ဦး ပူးပေါင်းလာ။

-ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းကို စီးပွားရေးရှုထောင့်မှ ကန့်ကွက်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်က ကြေညာချက်ထုတ်ပြန် ။

-ပုဂ္ဂလိကဘဏများအားလုံး ဆက်ပိတ်ထား။ တပ်မတော်က နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ်မှ ငွေထုတ်ယူသွားကြောင်း သတင်းများပျံ့နှံ့ လျက်ရှိ ။

-ဧရာဝတီတိုင်း လူမှုရေးဝန်ကြီးကို ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့် ။

-တပ်မတော်ကဖမ်းဆီးခဲ့သည့် မြစ်ကြီးနားအခြေစိုက် သတင်းထောက် ၅ ဦးအပါအဝင် ၇ ဦးကို ပြန် လွှတ်ပေး ။

-အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း ။

-မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီတွင် ဒေါက်တာစန်းလှိုင်အစား ဦးအောင်ချိန်အား အစားထိုးခန့်အပ် ။

၁၆-၂-၂၀၂၁

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် Video Conferencing စနစ်ဖြင့်  ရုံးထုတ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် နောက်ထပ် အမှုတစ်ခု ထပ်တိုးလိုက်သည်။ 

သမ္မတဦးဝင်းမြင့်ကို သဘာဝဘေးစီမံခန့်ခွဲမှုအက်ဥပဒေနဲ့ အမှုဖွင့်ထားတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈  အပြင် သဘာဝဘေးစီမံခန့်ခွဲမှုအက်ဥပဒေ ပုဒ်မ ၂၅ ဖြင့် နောက်ထပ်အမှုတစ်ခုတိုးလိုက်ခြင်းဖြစ်သည်။

-အာဏာသိမ်းနိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ၏ ပထမဆုံးအကြိမ်သတင်းစာရှင်းလင်းပွဲကို နေပြည်တော်၌ အာဏာသိမ်းအစိုးရ၏ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဦးဆောင် ကျင်းပသတင်းမီဒီယာအများစုက မတက်ရောက်ဘဲ သပိတ်မှောက်ခဲ့ကြသည်။ 

-နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊သမ္မတဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးခံရသူ အားလုံးကို ချက်ချင်းလွှတ်ပေးရန် မြန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးပြော။ 

-ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်မျှော်လင့်ဟု စင်ကာပူနိုင်ငံ ခြားရေးဝန်ကြီးပြောကြား ။

-မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အကူအညီစီမံကိန်းကို ခေတ္တဆိုင်းငံ့ကြောင်း ဥရောပသမဂ္ဂ ကြေညာ ။

-ဆိုက်ဘာလုံခြုံရေးဥပဒေကို အဆိုပြထားသည့်အတိုင်း မပြဋ္ဌာန်းသင့် ၊ စိုးရိမ်မှုများအား မဖြေရှင်းဘဲ ဥပဒေပြဋ္ဌာန်းမည်ဆိုလျှင် အခိုင်အမာကန့်ကွက်သည်ဟု တယ်လီနော ထုတ်ပြန် ။

-ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းသည် နိုင်ငံတကာစံနှုန်းများ ၊ အခြေခံမူဘောင်များနှင့် မကိုက်ညီ၍ စိုး ရိမ်ပူပန်ကြောင်း နိုင်ငံခြားစီးပွားအဖွဲ့အစည်း (၉) ခု ထုတ်ပြန် ။

-ဗဟိုဘဏ်က ကျပ်ဘီလီယံ ၂၀၀ တန် ငွေတိုက်စာချုပ်များကို လေလံစနစ်ဖြင့် ရောင်းချခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ကြေညာ ။

-ငွေထုတ်ယူသူများသဖြင့် မြဝတီဘဏ်ခွဲအချို့တွင် တစ်ရက်လျှင် လူ ၂၀၀ ခန့်နှင့် တစ်ဦးလျှင် ကျပ် သိန်း ၅၀ သာထုတ်ပေးဟုဆို ။

-အာဏာသိမ်းမှုဆန့်ကျင်သော ဆန္ဒပြပွဲများတွင်  ရွှေဝါရောင်ဆရာတော်များ ပါဝင်လာ ။

-ဖမ်းဆီးခံရသောကျောင်းဆရာကို ပြန်လွှတ်ပေးရန် မြောင်းမြထောင်ရှေ့ဆန္ဒပြ တောင်းဆိုသူများကို ရာဘာကျည်ဖြင့် ပစ်ခတ်လူစုခွဲရာ ပြည်သူအချို့ဒဏ်ရာရ။

-မော်လမြိုင်မှ ရန်ကုန်သို့ ထွက်ခွာလာသည့် အစုန်ရထားကို ပြည်သူများ ပိတ်ဆို့ဆန္ဒပြသဖြင့် လှည့် ပြန်။ 

-ဒေါက်တာညွန့်ဖေအား ပညာရေးဝန်ကြီးအဖြစ်ခန့်အပ်။ ဦးဝင်းရှိန် နှင့် ဦးဌေးလှိုင်အား အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန  ဒုဝန်ကြီးများအဖြစ် ခန့်အပ် ။ ချင်းပြည်နယ်ကောင်စီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်ခန့်အပ် ။

-ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဝင်  ၁၅  ဦးကို သက်ဆိုင်ရာ မြို့နယ် တရားရုံးများ ၌နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ ( ခ )ဖြင့်  အမှုဖွင့် ။ 

၁၇-၂-၂၀၂၁

-ရန်ကုန်လမ်းမများပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး “ကားပျက်ရပ်” ကမ်ပိန်းပြုလုပ်၊ ကားပျက်ကမ်ပိန်းကြောင့် ရန်ကုန်မှာ လမ်းပမ်းဆက်သွယ်ရေး ပျက်စီးသွားပြီး မူဆယ်တွင် ယာဉ်အစီးရေ ရာချီပျက်နေသဖြင့်  မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ရပ်ဆိုင်း ။

-စစ်အာဏာသိမ်းမှု ၁၇ ရက်မြောက်နေ့အဖြစ်  “သန်းချီစုဝေး ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး” လူထု လှုပ်ရှားမှုကို ရန်ကုန်မြို့လယ်ခေါင်တွင် ပြုလုပ်။  

နာမည်ကြီး အနုပညာရှင်  အကယ်ဒမီ သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ ဒါရိုက်တာ ဝိုင်း၊  ကိုပေါက်၊ ဏကြီးနဲ့ ဟစ်ဟော့ပ်အဆိုတော် အနဂ္ဂတို့ကို  အာဏာသိမ်းစစ်အစိုးရက ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က ) နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်လိုက်ပါတယ်။

-နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မတစ်ခုထပ်တိုးကာ တရားစွဲအပြီးတွင် နိုင်ငံတစ်ဝန်း သန်းနှင့်ချီသည့် ပြည်သူလူထု လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်။

-ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်က နိုင်ငံရေးရည်ရွယ်ချက်ဖြင့် တရားစွဲထားမှုအပေါ် ပြစ်တင် ရှုတ်ချလိုက်ပြီး ယင်းလုပ်ဆောင်မှုတွင်တာဝန်ရှိသူများကို အရေးယူမည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန် ကြီးဌာနကထုတ်ပြန်ကြေညာ။

-မြန်မာနိုင်ငံအခြေအနေအတွက် အဖြေရှာဖွေရန် အာဆီယံကို အင်ဒိုနီးရှားတိုက်တွန်း ။

-ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှု ဖြင့် တရားစွဲ။ 

-မန္တလေးတိုင်း သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးကို ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲရုံး  ထုတ်ပြီး အကျဉ်းထောင်သို့ပို့ ။

-မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ အဖွဲ့ဝင် ၁၅ ဦးနုတ်ထွက်။

-CDM လှုပ်ရှားမှုတွင် ပါဝင်ဆန္ဒပြသည့် သမဝါယမဝန်ထမ်း (၈)ဦးဖမ်းဆီးခံရပြီး ရာဇသတ်ကြီး ပုဒ်မ ၁၈၈ ဖြင့်တရားစွဲခံရ။

-ယနေ့ညပိုင်းတွင် မန္တလေးဘူတာကြီးမှ သာစည်သို့ ရထားတစ်စီးထွက်မည့်သတင်းကြောင့် ရထား ဝန်ထမ်းနှင့်ပြည်သူများ စုဝေးတားဆီးရာမှ ရဲတပ်ဖွဲ့က သေနတ်ဖြင့် အချက်ပေါင်းများစွာပစ်ခတ်မှု ဖြစ်ပွား ။ 

-မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် တပ်မတော် ဝက်ဆိုက် တိုက်ခိုက်ခံရ ။

-ပင်လယ်စာလုပ်ငန်းအတွက် ရန်ကုန်-ကူမင်း လေကြောင်းခရီးစဉ် ပြေးဆွဲခြင်းဖြစ်သည်ဟု MAI ရှင်းလင်း ။

-စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို တစ်ဦးတစ်ဖွဲ့ ကြိုးကိုင်ချယ်လှယ်နေခြင်း မဟုတ်ဘဲ ပြည်သူများကိုယ်တိုင်က အသိစိတ်ဖြင့် ဆင်နွဲှနေခြင်းမှာ ထင်ရှားကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့်ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင် ပြောကြား ။

-တပ်မတော်က အာဏာရယူပြီးသည်နှင့်တစ်ပြိုင်နက် တစ်နိုင်လုံး၌ အခက်အခဲများစွာ ရင်ဆိုင်နေရ ဟု ကချင်လက်နက်ကိုင်အဖွဲ့(KIO) ထုတ်ပြန် ။

-ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် မြို့ပေါင်း ၁၈၃ မြို့၌  စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်သည့် ဆန္ဒပြများဖြစ်ပွား။ CNN က မြန်မာနိုင်ငံ၏ ဆန္ဒပြပွဲများကို ဂြိုလ်တုမှ မှတ်တမ်းတင်ထားသော ဓာတ်ပုံများဖြင့် ကမ္ဘာကို ပြသ ။

-စစ်အာဏာသိမ်းကောင်စီမှ ရောင်းချသည့် ငွေတိုက်စာချုပ်များ တရားမဝင်ကြောင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန် ။

၁၈-၂-၂၀၂၁

-အာဏာသိမ်း စစ်ခေါင်းဆောင်များကို  ပစ်မှတ်ထား အရေးယူပိတ်ဆို့ရန် EU ကလုပ်ဆောင်နေ။

-လက်နက်မဲ့ပြည်သူများကို အကြမ်းဖက်မှု မလုပ်သင့်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးပြော။

-ဗြိတိန်နိုင်ငံက ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ပြည်ထဲရေးဒုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်တို့ ၃ ဦးကို ဒဏ်ခတ်အရေးယူ။

-ကနေဒါနိုင်ငံက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင်  အာဏာသိမ်း စစ်ခေါင်းဆောင်  ၉ ယောက်ကို ဒဏ်ခတ်အရေးယူ။

-စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအတွက် သိန်းနှင့်ချီသောပြည်သူများ ရန်ကုန်မြိုကလမ်းမများပေါ် တွင်ဆန္ဒပြ။

-မန္တလေးတိုင်းဝန်ကြီးချုပ်၊ NLD ပါတီဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ကို ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲ။

-ရွေး/ကော်တာဝန်ရှိသူများကို မည်သည့်စစ်ဆေးမှုမှ မလုပ်ဘဲ တစ်ပတ်ကြာသည်အထိ ဆက်လက် ထိန်းသိမ်းထား။

-ရန်ကုန်မြို့ ဗဟန်း ၃ လမ်းမှတ်တိုင်အနီးတွင် သင်္ကန်းဝတ်အချို့နှင့် အကြမ်းဖက်လူတစ်စုက အိမ်စီးများကို တုတ်၊ ဓားများဖြင့်ရိုက်ခွဲဖျက်ဆီး။ အနီးရှိ ရေတာရှည်ရပ်ကွက်နေပြည်သူများကို သံတုတ်ဖြင့် ရိုက်နှက်ခြင်း ၊ ဖန်ဂေါ်လီ ၊ ခဲလုံးများအသုံးပြုက လေးဂွဖြင့်ပစ်ခတ်ခဲ့၍ ပြည်သူ(၄)ဦးဒဏ်ရာရ။

-နေပြည်တော် သပြေကုန်းဝိုင်းအနီး ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းကာ  အယောက် ၂၀ ထက်မနည်းကို ဖမ်းဆီး။

-လွန်ခဲ့သည့် လေးရက်က နေပြည်တော်တွင်ဆန္ဒပြသဖြင့် ဖမ်းဆီးခံထားရသည့် ကျောင်းသားနှင့်ပြည်သူ ၂၅ ဦး  ပြန်လွတ်လာ။

-သယံဇာတတူးဖော်ထုတ်လုပ်ရေးကုမ္ပဏီများ အခွန်မဆောင်ရန်နှင့် လုပ်ငန်းများ ရပ်တန့်ထားရန် MATA အဖွဲ့တိုက်တွန်း ။

-မြဝတီဘဏ်များတွင် တစ်ရက်လျှင် လူ အယောက် ၁၀၀  နှင့် တစ်ဦးလျှင် ကျပ် ၁၀ သိန်းသာ ထုတ်ပေးတော့ မည်ဟု ကြေညာ။

-လေလံစနစ်ဖြင့် ကျပ်ဘီလီယံ ၂၀၀ တန် ငွေတိုက်စာချုပ်ရောင်းချရာတွင် ကျပ် ၁ ဒသမ ၇ ဘီလီယံ ဖိုးသာ ရောင်းချနိုင်ကြောင်း ငွေတိုက်ဦးစီးဌာနက ထုတ်ပြန် ။

-ဦးကျော်ဝင်းနှင့် ဒေါက်တာလင်းအောင်ကို ဗဟိုဘဏ်အဖွဲ့ဝင်များအဖြစ်ခန့်အပ် ။

-နိုင်ငံ့ဝန်ထမ်းများ ၊ အငြိမ်းစားဝန်ထမ်းများအား လစာနှင့်စရိတ်များ သတ်မှတ်ချက်အတိုင်း ထုတ်ပေး  မည်ဖြစ်ကြောင်း ပြည်သူအား အသိပေးချက် ထုတ်ပြန် ။

-ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၇ ရက်ထိ စုစုပေါင်း ဖမ်းဆီး ၊ တရားစွဲ ၊ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ အယောက် ၅၀၀ နီးပါးအထိရှိလာ။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ၃  ဦး၊ ဖမ်းဝရမ်းနှင့် အမှုဖွင့်ခြင်းခံထားရသူ ၃၂  ဦး၊ အမှုဖွင့်ခြင်းခံထားရသူ ၃  ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ ၃၅  ဦးရှိဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန် ။

-ဒုဗိုလ်ချုပ်ကြီးသန်းထွန်းဦး အဖွဲ့ခေါင်းဆောင်အဖြစ်ပါဝင်သော အဖွဲ့ဝင်(၇)ဦးကို အာဏာသိမ်းစစ် ကောင်စီ ဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဖြစ်ဖွဲ့စည်း ။ အဖွဲ့ဝင်များတွင် ဦးနေဝင်းချွေးမ ဒေါက်တာရင်ရင် နွယ်နှင့် ဦးသိန်းစိန်လက်ထက် အကြံပေး ဒေါက်တာဆလိုင်းငွန်ကျုံးလျံလည်းပါဝင်။

၁၉-၂-၂၀၂၁

မြန်မာ့ဒီမိုကရေစီကို အင်အားသုံးပြောင်းလဲမှု မှန်သမျှ ပြင်းပြင်းထန်ထန်ဆန့်ကျင်ရန် အမေရိကန် ၊ ဂျပန် ၊ အိန္ဒိယနှင့် သြစတြေလျတို့ကြား သဘောတူ ။

-ဖေဖော်ဝါရီ ၉ ရက်နေ့က နေပြည်တော်တွင် ဦးခေါင်းကို သေနတ်ကျည် ထိမှန်ခဲ့သည့် မမြသွဲ့သွဲ့ခိုင် ကွယ်လွန်။

-ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်၍ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း လတ်တလောဖမ်းဆီးခံထားရ သူပေါင်းမှာ ဖေဖော်ဝါရီ ၁၈ ရက်နေ့အထိ ၅၁၂ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန် ။

-မြစ်ကြီးနားတွင် ဖမ်းဆီးခံထားရသည့် ဆရာမ နှစ်ဦးအပါအဝင် ၁၃ ဦးကို ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့(PCG)၏ ညှိနှိုင်းမှုအရ ပြန်လွှတ်ပေး။

-စက်သုံးဆီတင်သွင်းမှု ရပ်တန့်သွားခြင်းကြောင့် နှစ်လအတွင်း ပြတ်လပ်သွားနိုင်ဟု ရိုက်တာ သတင်းတွင် ဖော်ပြ ။

-ဒေါ်လာသန်း ၂၃၀ တန် လှည်းကူးစက်မှုဥယျာဉ်စီမံကိန်း အကောင်အထည်ဖော်မည့် စင်ကာပူကုမ္ပဏီ Sembcorb က မြန်မာနိုင်ငံအခြေအနေ စောင့်ကြည့်နေကြောင်း ထုတ်ပြန် ။

-တပ်မတော်ပိုင် ထုတ်ကုန်များ ဝယ်မသုံးရန် စီပွားရေးတက္ကသိုလ်ကျောင်းသားများ ဆန္ဒထုတ်ဖော် ။

-NCA အကောင်အထည်ဖော်မှု ဆိုင်းငံ့ထားရန် သင့် မသင့် အပစ်ရပ် ၁၀ ဖွဲ့ ဆွေးနွေးမှုအဖြေမထွက် သေး။

-၁၄ ရက်မြောက် ရန်ကုန်ဆန္ဒပြပွဲ ပြည်သူသိန်းချီ ဆန္ဒထုတ်ဖော်။ ၁၄ ရက်မြောက် မန္တလေးဆန္ဒပြပွဲ လူအင်အားသိန်းချီ ဆန္ဒထုတ်ဖော်။ မန္တလေးဆန္ဒပြပွဲ ရဲတပ်ဖွဲ့ဝင်(၉) ဦး ဆန္ဒထုတ်ဖော်။

-နိုင်ငံတော်အကြည်ညိုပျက်စေမှု ၁၂၄-က ပုဒ်မဖြင့် ဖမ်းဆီးတရားစွဲထားခံသည့် NLD သဘာပတိ ဦးဝင်းထိန် ကသူ့ကို ချက်ချင်း အမိန့်ချပေးရန် တောင်းဆို။

-နေပြည်တော် ၊ သပြေကုန်းဖြစ်စဉ်တွင် ဖမ်းဆီးခံခဲ့ရသူများအနက် (၄၀) ကျော် ပြန်လွတ်လာ။

-တက္ကသိုလ် ၄၀ ခု  CDM တက္ကသိုလ်အဖြစ် ကြေညာထား။

- အာဏာသိမ်းစစ်ကောင်စီက ဦးအောင်ကျော်ထွန်းအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ခန့်အပ် ။

၂၀-၂-၂၀၂၁

-မန္တလေးမြို့ ၊ ရတနာပုံသင်္ဘောကျင်းအနီး ကန့်ကွက်ဆန္ဒပြသည့် ပြည်သူများကို ရဲနှင့်စစ်တပ်က အကြမ်းဖက်ဖြိုခွဲရာ သေနတ်ကျည်မှန်၍  ၂ ဦး သေဆုံး ။ ပြည်သူ အနည်းဆုံး ၄၅ ဦးကျော်ဒဏ် ရာရ ၊၂၀ ကျော် ဖမ်းဆီးခံရ ။

-ရွှေပြည်သာမြို့နယ်  တ(၁၅) ရပ်ကွက်တွင် ညပိုင်းလုံခြုံရေးကင်းစောင့်နေသူတစ်ဦး ည ၁၁ နာရီခွဲခန့်တွင် ပစ်သတ်ခံရ။ ကားပေါ်တွင်လိုက်လာသည့် ရဲတပ်သားက သေနတ်ဖွင့် သုံးချက် ပစ်သွားကြောင်း သေခံများကပြော ။

-အရေးပေါ်အခြေအနေကြေညာထားမှုအား ချက်ချင်းပြန်ရုပ်သိမ်းရန် တပ်မတော်ခေါင်းဆောင်များကို အမေရိကန် ၊ပြင်သစ် ၊ ဂျာမနီ နှင့် ဗြိတိန်တောင်းဆို ။

-ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို အာဏာပြန်ပေးရမည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးပြော ။

-ကုလသမဂ္ဂနှင့် နိုင်ငံတကာအနေဖြင့် မြန်မာပြည်သူများ၏ဆန္ဒကို အမြန်ဆုံးအကောင်အထည်ဖော် ပေးရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ တိုက်တွန်း။

-ပြည်သူများအပေါ် အကြမ်းဖက်ခြင်း ရပ်တန့်ရမည်ဟု အမေရိကန်နှင့် ဗြိတိန် သံရုံးထုတ်ပြန်။ EU အကြီးအကဲကလည်း လူသေဆုံးသည်အထိ အကြမ်းဖက်ခြင်းအပေါ် ရှုတ်ချ။

-အာဏာသိမ်းစစ်ကောင်စီ၏ တရားဝင်မှုကို အသိအမှတ်မပြု၍ နိုင်ငံရေးအရဆွေးနွေးမှုများ ရက်ဆိုင်းရန် အန်စီအေ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ဆုံးဖြတ် ။

-ကဏ္ဍပေါင်းစုံအဖွဲ့အစည်း ၂၀ ကျော်ပါဝင်သည့် အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ် ကော်မတီတစ်ရပ်ဖွဲ့စည်း။

-၁၅ ရက်မြောက် ရန်ကုန်ဆန္ဒပြပွဲ ပြည်သူသိန်းချီ ဆက်လက်ဆန္ဒထုတ်ဖော်။

-နှစ်ရက်ဆက်ဖြိုခွင်းခံရသော်လည်း မြစ်ကြီးနားတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ဆက်လုပ်။

-မုံရွာအကျဉ်းထောင်တွင် ဖမ်းဆီးထားသည့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့် ဥပဒေချုပ်တို့အား ပြန်လွှတ်ပေးရေး ဒေသခံပြည်သူတို့တောင်းဆို ။

-ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်၍ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း လတ်တလောဖမ်းဆီးခံထားရ သူပေါင်းမှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့အထိ ၅၆၉ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်။

-မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအပေါ် စောင့်ကြည့်နေပြီး မရှိမဖြစ်သော ဝန်ဆောင်မှုလုပ်ငန်းများ သာဆောင်ရွက်နေကြောင်း နိုင်ငံခြားကုမ္ပဏီ ၁၂ ခုထုတ်ပြန်။

-ပြင်သစ်နှင့်သြစတြေးလျ ရေနံကုမ္ပဏီတို့က မြန်မာနိုင်ငံအခြေအနေကို အနီးကပ်စောင့်ကြည့်နေ ကြောင်း ထုတ်ပြန်။

-တရုတ်ရင်းနှီးမြှုပ်နှံမှု အလိုမရှိကြောင်း တရုတ်သံရုံးရှေ့ ဆန္ဒထုတ်ဖော် ။

-အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့အား အာဏာသိမ်း စစ်ကောင်စီက  တာဝန်မှရပ်စဲ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦးတင်ဦးအားခန့်အပ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များ ခန့်အပ် ။

၂၁-၂-၂၀၂၁

-လူသေစေသည်အထိ အကြမ်းဖက်မှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရှုတ်ချ ။

-သေနတ်များဖြင့် အင်အားသုံးဖြိုခွင်းခြင်းကို သည်းခံမည်မဟုတ် ဟု ဂျပန်အစိုးရထုတ်ပြန် ။

-လက်နက်မပါသော ဆန္ဒပြသူများကို သေစေလောက်သည့်အင်အားအသုံးပြုမှု ဆင်ခြေပေး၍မရဟု စင်ကာပူပြော။

-အကြမ်းဖက် ဖြိုခွင်းခြင်းခံရသော်လည်း ရန်ကုန် ၊မန္တလေး၊ နေပြည်တော် ၊ တောင်ကြီး ၊ထားဝယ် မြစ်ကြီးနားနှင့် ဒေသအသီးသီးတွင် ဆန္ဒပြပွဲများ အရှိန်မြှင့် ။

-တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဖေ့စ်ဘွတ်ကွန်ရက်ပေါ်မှ ဖယ်ရှား ။

-ပုဒ်မ ၅၀၅ -က ဖြင့် အမှုဖွင့်ခံထားရသည့် သရုပ်ဆောင်လူမင်း ဖမ်းဆီးခံရ ။

-မကွေးတိုင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး ဖမ်းဆီးခံရ ။

-နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ပြည်သူ့ကိုယ်စားပြုအစိုးရ ဖြစ်ပေါ်လာသည်အထိ ကူညီတွန်း အားပေးရန် MATA အဖွဲ့တောင်းဆို ။

-နေပြည်တော်ဆန္ဒပြပွဲတွင် ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့သည့် မမြသွဲ့သွဲ့ခိုင်၏ ဈာပနအခမ်းအနား သို့ လူဦးရေတစ်သိန်းခန့် လိုက်ပါပို့ဆောင်။

-ရွှေပြည်သာတွင် ကင်းသမားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု အမှုဖွင့်ရန်ခက်ခဲနေဟု မိသားစုဝင် များကပြော။

-တရုတ်အစိုးရအနေဖြင့် မြန်မာလူထုဘက်မှ ရပ်တည်ဖြေရှင်းပေးရန် အပစ်ရပ်ဆယ်ဖွဲ့ တောင်းဆို။

-အာဏာသိမ်း စစ်ကောင်စီက မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ခန့်အပ် ။

-မြန်မာနိုင်ငံရှိ နိုင်ငံခြားသံရုံးများအနေဖြင့် ဗီယင်နာကွန်ဗင်းရှင်းနှင့် ပဋိညာဉ်စာတမ်းတို့တွင် ပြဋ္ဌာန်းထားသည့်မူဝါဒများနှင့် စံနှုန်းများကို တိကျစွာလိုက်နာသင့်ကြောင်း နအစ နိုင်ငံခြားရေးဝန်ကြီးဌာန  ကထုတ်ပြန် ။ 

၂၂-၂-၂၀၂၁

-အာဏာရှင်ဆန့်ကျင်ရေး နှစ်ငါးလုံးလူထုလှုပ်ရှားမှုအဖြစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် တစ်နိုင်ငံလုံးရှိ မြို့ နယ်ပေါင်း ၂၄၇ ခု ၊ မြို့ပေါင်း ၃၀၆ မြို့၌ ပြည်သူသန်း (၂၀) ခန့်ပါဝင်ဆန္ဒပြကြောင်း အွန်လိုင်းမှ ပြုလုပ်သည့် လူထုစစ်တမ်းတစ်ခုက ဖော်ပြ။ ရန်ကုန်မြို့တစ်ခုတည်းတွင် ပြည်သူ ၃ သန်းခန့် ပါဝင်ဆန္ဒပြ။

-ခေတ်မီတိုးတက်သည့်ကမ္ဘာတွင် အာဏာသိမ်းမှုများအတွက် နေစရာမရှိဟု ကုလအတွင်းရေးမှူးချုပ် ပြော။

-ဒေါက်တာဇော်မြင့်မောင်နှင့် ဒေါက်တာရဲလွင် ကို Video Conferencing ဖြင့် ရုံးထုတ်။

-ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို Video Conferencing ဖြင့် ရုံးထုတ်။

-နေပြည်တော်တွင်  နှစ်ငါးလုံးအထွေထွေ အထွေထွေသပိတ်ဆန္ဒပြပွဲတွင် ပြည်သူ ၁၀၀ ကျော်ဖမ်းဆီးခံရ။

-ဖေဖော်ဝါရီ ၂၀ ရက်က မန္တလေး ၊ ကမ်းနားလမ်းဖြစ်စဉ်တွင် ဖမ်းဆီးခံရသူ ၇၀  ကျော်ကို ပုဒ်မ ၄ ခုဖြင့် အမှုဖွင့်။

-ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန်အဖြစ် လူသိများ ထင်ရှားသည့် ချင်းတိုင်းရင်းသား ပရဟိတခေါင်းဆောင် ဒေါက်တာဆာဆာ ကို ခန့်အပ် ။

-အမေရိကန်တွင်နေထိုင်သည့် ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သော ဦးထင်လင်းအောင် ကို နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ်အဖြစ် လွှတ်တော်ကိုယ်စားပြုကော်မတီက ခန့်အပ် ။

-အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင် ၂ ဦးဖြစ်တဲ့ တပ်မတော် (လေ) ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းတို့ကို အရေးယူလိုက်တာလို့ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံးက ကြေညာ။

-အာဏာသိမ်းမှုကို တုံ့ပြန်သောအားဖြင့် ဥရောပသမဂ္ဂက တာဝန်ရှိသူများကို ပိတ်ဆို့အရေးယူရန် အဆင်သင့်ဟု ထုတ်ပြန် ။

-အကြမ်းဖက်မှုကို လှုံ့ဆော်ခြင်းနှင့် ထိခိုက်မှုဖြစ်ပွားအောင် စုစည်းခြင်း မူဝါဒကို ချိုးဖောက်ခြင်းကြောင့် MRTV နှင့် MRTV Live ပေ့ချ်ကို ဖေ့စ်ဘွတ်က ဖယ်ရှား ။

-စစ်ကောင်စီဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သစ်က နိုင်ငံရေးပါတီများနှင့် ဆွေ့ဆုံဆွေးနွေးရန် နေပြည်တော်သို့ ဖိတ်ကြားထား ။

-တစ်နိုင်ငံလုံးတွင် ဆေးရုံ ၁၂၆၂ ရုံရှိသော်လည်း CDM   ကြောင့် လုံးဝပိတ်ထားရသည့်ဆေးရုံ ၃၅၇ ရုံ ၊ ဆေးရုံဖွင့်ထားသော်လည်း ကုသပေးခြင်းမရှိသည့်ဆေးရုံ ၂၇ ရုံ နှင့် ကုသပေးနေသည့်ဆေးရုံ ၇၇၈ ရုံ ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော ။

-“အာဏာသိမ်းအစိုးရ” ဟုအသုံးအနှုန်းများကို ဆက်လက်သုံးနှုန်းရေးသားမည်ဆိုပါက ထုတ်ဝေခွင့် ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော ။

၂၃-၂-၂၀၂၁

-ငြိမ်းချမ်းစွာဆန္ဒပြသူများအား ပစ်ခတ်နှိမ်နင်းသူများ တာဝန်ခံရမည်ဟု ဂျီ-၇ အဖွဲ့ဝင်နိုင်ငံခြားရေး ဝန်ကြီးများကပြော။

-မြန်မာပြည်သူများအပေါ် အကြမ်းဖက်၍ နှိမ်နင်းမှု ကျူးလွန်သူများကို ထပ်မံတိုးမြှင့်အရေးယူရန် လက်တွန့်နေမည်မဟုတ်ဟု အမေရိကန်ထုတ်ပြန် ။

-မန္တလေးမြို့ ၊ ကမ်းနားလမ်း ၊ ရတနာပုံသင်္ဘာကျင်းအနီးဆန္ဒပြမှုတွင် ဝမ်းဗိုက်သေနတ်ကျည်ထိမှန် သေဆုံးခဲ့သော ကိုသက်နိုင်ဝင်း၏ ဈာပနအခမ်းအနားသို့ လူဦးရေတစ်သောင်းခန့် လိုက်ပါပို့ဆောင်။

-အင်ဒိုနီးရှားသံရုံးကို ဦးတည်ဆန္ဒပြခဲ့သော ရန်ကုန်ဆန္ဒပြပွဲတွင် အင်ဒိုနီးရှားသံအမတ် ကိုယ်တိုင်ထွက်၍ ရှင်းပြ။ မြန်မာပြည်သူလူထု၏ဆန္ဒကို လေးစားရမည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးပြော ။

-စီးပွားရေးအကြံပေး ပါမောက္ခ ရှောင်တာနဲလ် အပါအဝင် ထိန်းသိမ်းခံထားရသူများကို ပြန်လွှတ်ပေးရန် သြစတြေလျတိုက်တွန်း။

-ကမ္ဘာကျော် ဟက်ကာအဖွဲ့Anonymous က တပ်မတော်ကို ဆိုက်ဘာစစ်ပွဲဆင်နွှဲမည်ဟု ကြေညာ။

-ဒီချုပ်ရုံး ဖောက်ထွင်းခံရမှုအပေါ် ရဲတပ်ဖွဲ့က စစ်ဆေးမှုမလုပ်ပါက နိုင်ငံတကာဥပဒေရေးရာအဖွဲ့များနှင့် တိုင်ပင်၍ အရေးယူနိုင်ရန်ဆောင်ရွက်မည်။

-နေပြည်တော် နှစ်ငါးလုံး အထွေထွေသပိတ်တွင် ဖမ်းဆီးခံရသူများအနက် ၁၈၀ ကျော်ကို ပြန်လွှတ် ပေး။ ဖမ်းဆီးခံရသူများ၏ ဆိုင်ကယ်များအပါအဝင်အခြားပစ္စည်းများ ပြန်မရ။

-ဒေသအများအပြားတွင် စစ်ကောင်စီကခန့်အပ်မည့် အုပ်ချုပ်ရေးမှူးသစ်များအား အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ် ။

-ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးနှင့်ဆေးတက္ကသိုလ်နှင့် သစ်တောတက္ကသိုလ် သုံးခုမှ CDM လုပ်နေသော ဆရာ ၊ ဆရာမများ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖွင့် အမှုဖွင့်ခံရ ။

-ရုံးပြန်တက်ရန် ညွှန်ကြားချက်များ လိုက်နာရန်မလိုဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ၊ ဆရာမများ အဖွဲ့ချက်ကကြေညာ ။

-တပ်မတော်ပိုင် မြဝတီဘဏ်တွင် ATM အပါအဝင် ငွေထုတ်ပေးခြင်းကို ယခုလကုန်အထိရပ်ဆိုင်း။

-အာဏာသိမ်းစစ်ကောင်စီက ဦးဇော်အေးမောင်အား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်စစ်ကောင်စီက ခန့်အပ်။ ဒေါက်တာဇော်မြင့်နှင့် ဦးဇော်ဝင်းအား ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးများအဖြစ် စစ်ကောင်စီက ခန့်အပ် ။

၂၄-၂-၂၀၂၁

-မန္တလေး ရတနာပုံသင်္ဘောကျင်းအနီး  အကြမ်းဖက်ဖြိုခွင်းမှုဖြစ်စဉ်မှ ဒဏ်ရာရပြီး  ဖမ်းဆီးခံနေရသည့် အမျိုးသားတစ်ဦး ထပ်မံသေဆုံး။

-အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ နေပြည်တော်ကို နေ့ချင်းပြန်လာရောက်မည့်ခရီးစဉ် ဖျက်သိမ်းကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ကြေညာ။ 

-မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ထိုင်းနို်ငငံသွားရောက် ဘန်ကောက်တွင် ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့သလို  ထိုင်းနို်ငငံခြားရေးဝန်ကြီးနဲ့  အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့နှင့်လည်း အလွတ်သဘော တွေ့ဆုံ။ 

-အာဏာသိမ်းစစ်ကောင်စီအဖွဲ့ကို မြန်မာအစိုးရအဖြစ် အသိအမှတ်မပြုရန် အာဆီယံ အစီအစဉ်များ တွင် ပါဝင်ခဲ့သည့်  မြန်မာကိုယ်စားလှယ်များ တောင်းဆို ။

-ရန်ကုန်ဆန္ဒပြပွဲ ၁၉ ရက်မြောက်နေ့တွင် ဂျပန်သံရုံးအနီး ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ဖြိုခွင်းရန်ကြိုးပမ်း။

-ပျဉ်းမနားဆန္ဒပြပွဲတွင် သတင်းယူသော သတင်းသမားများကို အင်အားသုံးလိုက်လံဖမ်းဆီး ။

-ဒေါက်တာဝင်းမြတ်အေးကို ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်သည့်အပေါ် CDM တွင်ပါဝင်သည့် ဝန်ထမ်းများ ပြစ်တင်ရှုတ်ချ။

-တပ်မတော်အရာရှိဟောင်း၏ ဇနီးဖြစ်သူအား ဝန်ထမ်းလိုင်းခန်းအထိ အဓမ္မလာရောက်ဖမ်းဆီးကာ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် ။

-နာရေးကူညီမှုအသင်း (ရန်ကုန်) က ရဲနှင့်စစ်တပ်မိသားစုများ၏ ဈာပနနှင့် ဆေးကုသမှုများ ကူညီမှု မပေးတော့ဟုပြော။

-အာဏာသိမ်း စစ်ကောင်စီက ရန်ကုန်မြို့တော်စည်ပင်ဥက္ကဋ္ဌ ၊ ရန်ကုန်မြို့တော်ဝန်အား ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး  ကောင်စီအဖွဲ့ဝင်အဖြစ်လည်းကောင်း ၊ မန္တလေးမြို့တော်စည်ပင်ဥက္ကဋ္ဌ ၊ မန္တလေးမြို့တော်ဝန်အား ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး  ကောင်စီအဖွဲ့ဝင်အဖြစ်လည်းကောင်း ဖြည့်စွက်ဖွဲ့ စည်း ။

၂၅-၂-၂၀၂၁

-စစ်အာဏာသိမ်းမှုကို ရှုတ်ချကြောင်း သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံ ချက်သမ္မတက စာရေးသားပေးပို့ ။

-မြန်မာ့အာဏာသိမ်းမှုကို တညီညွတ်တည်း ဆက်လက်ရှုတ်ချကြောင်း G 7 နှင့် EU အဆင့်မြင့် ကိုယ် စားလှယ်တို့ ထုတ်ပြန်ကြေညာ ။

-ဖေဖော်ဝါရီ ၁ ရက်နေ့ကစ၍ မြန်မာနိုင်ငံကို   ငွေထုတ်ယူခွင့်မပြုတော့ဟု ကမ္ဘာ့ဘဏ် အကြောင်းကြား။

-စင်ကာပူတွင် မြန်မာကုမ္ပဏီနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်း အပ်နှံထားသည့် ပမာဏကြီးမားသည့် ငွေစာ ရင်း မရှိကြောင်း စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ ထုတ်ပြန် ။

-တပ်မတော်ပိုင်စီးပွားရေးလုပ်ငန်းများကို Fcaebook နှင့် Instagram တွင် ကြော်ငြာခွင့်ပိတ် ။

-အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဦးဝဏ္ဏမောင်လွင် ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဖော်ပြခြင်းမရှိ ။

-ဗြိတိန်က တပ်ချုပ်အပါအဝင်တပ်မတော်ထိပ်တန်း အရာရှိကြီး ခြောက်ဦးကို ဒဏ်ခတ်အရေးယူ။

-ဖမ်းဆီးထိန်းသိမ်းထားသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အဖွဲ့ကို အိုးဘိုအကျဉ်းထောင်သို့ ပြောင်းရွှေ့။

-အာဏာသိမ်းစစ်ကောင်စီရဲ့ ပြန်ကြားရေးက မီဒီယာတွေထံပေးပို့တဲ့ သတိပေးစာဟာ မီဒီယာလွတ်လပ်ခွင့်ကို ထိပါးစေကြောင်းနဲ့  မီဒီယာတွေအနေနဲ့ ကျင့်ဝတ်စံနှုန်းများနှင့်အညီ လွတ်လပ်စွာ ဆက်လက်ရေးသား ထုတ်လွှင့်ဖော်ပြသွားမည်ဟု ဒီဗွီဘီအပါအဝင် ပြည်တွင်းရှိ လွတ်လပ်သည့် သတင်းမီဒီယာများ ထုတ်ပြန် ။

-CDM လုပ်နေသည့် ပြည်ထောင်စုလွှတ်တော် ဝန်ထမ်း ၄၈ ဦး ထုတ်ပယ်ခံရ ။

-မုံရွာတွင် စစ်ကောင်စီခန့် ရပ်ကွက် ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ၆၀ ကျော် နုတ်ထွက် ။

-စစ်တပ်နှင့်ရဲ့တပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းခြင်းကြောင့် သေဆုံးသူ (၈) ဦးရှိဟု AAPP ထုတ်ပြန် ။

-ကမ္ဘာကျော် ဟက်ကာအဖွဲ့ Anonymous က အစိုးရဝက်ဘ်ဆိုက် အချို့ကို စတင်တိုက်ခိုက်။

-ယခုလအတွင်း ဖွင့်လှစ်ရန် စီစဉ်ထားသည့် တိုယိုတာ ကားစက်ရုံစီမံကိန်း ရွှေ့ဆိုင်းကြောင်းကုမ္ပဏီ ထုတ်ပြန် ။

-တပ်မတော်က ထောက်ခံသည် ဆိုသူများက ရန်ကုန်မြို့ ဆူးလေအနီး  ဆန္ဒထွက်ပြကြပြီး  ပြည်သူများနှင့် သတင်းထောက်များကို တိုက်ခိုက်။

-တာမွေမြို့နယ် ကျောက်မြောင်းတွင်  စစ်ကောင်စီက ခန့်အပ်သည့် အုပ်ချုပ်ရေးမှူး အလိုမရှိကြောင်း ကန့်ကွက်သူများကို ရဲတပ်ဖွဲ့က  ပစ်ခတ်ပြီး  အလုံးအရင်းဖြင့်ဖြိုခွင်း ။

-နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အမှု ကိုယ်စားလှယ်လွှဲစာမရသေး၍ တရားမျှတမှု မရှိမည်ကို စိုးရိမ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ပြော ။  

-လွှတ်တော်ကိုယ်စားပြုကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှုအပေါ် အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီခန့်အပ်ထားသည့် ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်ထုတ်ပြန် ။

၂၆-၂-၂၀၂၁

-ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အာဏာသိမ်းစစ်ကောင်စီကို အပြင်းထန်းဆုံ အရေးယူရန် အပါအဝင် အချက်ခြောက်ချက်ကို နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ အလွတ်သဘော အစည်းအဝေးမှာ နိုင်ငံတကာသို့တောင်းဆို။ ဒီချုပ်အစိုးရခန့်အပ်သော သံအမတ်ကြီးအဖြစ်  သမိုင်းဝင် မိန့်ခွန်းပြောသွားပြီး ပြည်သူနှင့်အတူရပ်တည်ကြောင်း လက်သုံးချောင်းထောင် ဆန္ဒထုတ်ဖော်။

-မြန်မာနိုင်ငံ၌ ဒီမိုကရေစီကာကွယ်ရေးအက်ဥပဒေကို အမေရိကန်လွှတ်တော်သို့တင်သွင်း ။

-ရန်ကုန်ဆန္ဒပြပွဲများကို အသံဗုံးပစ်ဖောက်ဖြိုခွင်း။ မြေနီကုန်းသပိတ်ဖြိုခွင်းမှုတွင် ဖမ်းဆီးခံထားရသူများ မိသားစုဝင်များနှင့် ရှေ့နေက တွေ့ခွင့်မရ ။

-မကွေးတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ ခံဝန်လက်မှတ်မထိုးသဖြင့် နေအိမ်ပြန်ခွင့်မရသေး ။

-ဘီးလင်းမြို့နယ်ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ပုဒ်မ ၅၀၅(က) ဖြင့်အမှုဖွင့်ခံရ ။ မွန်ပြည်နယ်ဝန်ကြီးချုပ်အား ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ခံရ ။ နေပြည်တော်နယ်မြေ၏ ဒီချုပ်ပါတီဥက္ကဋ္ဌ ဦးမင်းသူ အဖမ်းခံရ ။

-မန္တလေးတွင် ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို အင်အားသုံးဖြိုခွဲ၍ အနည်းဆုံး ငါးဦးဒဏ်ရာရပြီး အများ အပြား ဖမ်းဆီးခံရ ။

-မြင်းခြံဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့ဝင် ၈ ဦး  လူထုနှင့်အတူ  ပူးပေါင်းပါဝင်လာ ။

-မုံရွာတွင် လူထုညီလာခံကျင်းပ၍ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်း ။

-နိုင်ငံခြားသင်္ဘာလိုင်း အချို့ မြန်မာနိုင်ငံသို့ ကုန်စည်သယ်ယူပို့ဆောင်ပေးမှု ရပ်ဆိုင်းထား ။

-စက်သုံးဆီ တန်ချိန်တစ်သောင်းကျော်ပါဝင်သည့် စင်ကာပူမှ သင်္ဘာ ၃ စီး    နှစ်ရက်အတွင်း ရန်ကုန်  ဆိပ်ကမ်းသို့ ဆိုက်ကပ် ။ နှစ်စီးထပ်မံဆိုက်ကပ်ဦးမည်ဟုဆို ။

-အာဏာသိမ်း စစ်ကောင်စီက UEC အဖွဲ့ဝင် နောက်ထပ် ခုနစ်ဦးကို ထပ်မံတိုးချဲ့ခန့်အပ် ။ ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နှစ်ဦးကို ထပ်မံတိုးချဲ့ခန့်အပ် ။

-နေပြည်တော်တွင် UEC အသစ်နှင့် နိုင်ငံရေးပါတီများ ၅၃ ပါတီတွေ့ဆုံ။  ကြံ့ခိုင်ရေးပါတီနှင့် မဟာမိတ်ပါတီတွေအများစုသာတက်ရောက်ပြီး   NLD နဲ့ SNLD  အ ပါအဝင် ရွေးကောက်ပွဲအနိုင်ရ အဓိက တိုင်းရင်းသားပါတီများ မတက်ရောက်။

-အန်အယ်လ်ဒီ အပြတ်အသတ်အနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ် ပယ်ပျက်သွား ပြီဖြစ်ကြောင်း  ဦးသိန်းစိုးက  နိုင်ငံရေးပါတီ ၅၃ ပါတီနဲ့ တွေ့ဆုံပွဲတွင်ပြော။  တရားမဝင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သစ်ဥက္ကဋ္ဌ ဦးသိန်းစိုးရဲ့ ပြောဆိုချက်ကို လုံးဝလက်မခံ အသိအမှတ်မပြုတဲ့အကြောင်း အန်အယ်လ်ဒီပါတီက ကြေညာ။

ဒီအစည်းအဝေးကို အန်အယ်လ်ဒီပါတီ အပါအဝင် အဓိက တိုင်းရင်းသားပါတီတွေက မတက်ရောက်ဘဲ ကြံ့ခိုင်ရေးပါတီနဲ့ မဟာမိတ်ပါတီတွေအများစုသာ တက်ရောက်ခဲ့တာပါ။

-ရန်ကုန်တွင် စစ်အာဏာရှင်ဆန့်ကျင်‌ဆန္ဒပြပွဲ သတင်းယူနေသည့် ဂျပန်နိုင်ငံသား အလွတ်သတင်းထောက် မစ္စတာ ယူကီခိတဇုမိကို ရဲတပ်ဖွဲ့က အဓမ္မ ဖမ်းဆီးသွားပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေး။ မြေနီကုန်းတွင် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် လူထုကို  ရဲတပ်ဖွဲ့က  အဓမ္မဖမ်းဆီးနေစဉ် သတင်းယူနေတဲ့ ဂျပန်လူမျိုး သတင်းထောက် ခိတဇုမိကို ရဲတွေက အတင်းအဓမ္မ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၂၇-၂-၂၀၂၁

-ရန်ကုန်ဆန္ဒပြပွဲ ၂၂ ရက်မြောက်နေ့ ရဲတပ်ဖွဲ့က လူစုမရအောင် အင်အားသုံးဖြိုခွဲသော်လည်း ဆန္ဒပြ သူများက ဆက်ပြ။ သတင်းထောက် အနည်းဆုံး (၄) ဦးအပါအဝင် ပြည်သူ ၁၀၀ ကျော်အဖမ်းခံရ။

-မန္တလေးတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အင်အားသုံးဖြိုခွဲသဖြင့် ပြည်သူအချို့ဒဏ်ရာရပြီး ၄၀ ကျော်အဖမ်းခံရ ။

-မုံရွာဆန္ဒပြပွဲတွင် အကြမ်းဖက်ဖြိုခွဲခံရသဖြင့် နှစ်ဦး သေနတ်ဒဏ်ရာရရှိ။ ပြည်သူများစွာ အဖမ်းခံရ သော်လည်း ဆက်လက်ဆန္ဒပြ ။

-နိုင်ငံတစ်ဝန်းရှိ တိုင်းနှင့်ပြည်နယ် ၉ ခုရှိ ၁၆ မြို့နယ်တွင် ဆန္ဒပြသူများကို ရဲနှစ်စစ်သားများက အင် အားသုံးဖြိုခွဲ ။ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ပြီး အဖမ်းခံရသူ ၆၀၀ မှ ၇၀၀ ကြားရှိနိုင် ။

-ဆန္ဒပြမှုများကြောင့် ဖမ်းဆီး ၊ တရားစွဲဆို ၊ ပြစ်ဒဏ်ချမှတ်ခံရသူ ၇၇၀ ကျော်ရှိကြောင်း AAPP ထုတ် ပြန် ။

-အာဏာသိမ်းမှုကို ဆန့်ကျင်နေသော မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြပွဲ  များကို အကြမ်းဖက်နှိမ်နင်းမှု ချက်ချင်းအဆုံးသတ်ရန်နှင့် ဆန္ဒထုတ်ဖော်ခွင့်ပြုရန် ကုလသမဂ္ဂလူ့ အခွင့်အရေးကျွမ်းကျင်သူများက မြန်မာ့တပ်မတော်အားတိုက်တွန်း ။

-စစ်ကောင်စီလက်ထက် ဖမ်းဆီးခံသတင်းသမား ၁၉ ဦးအထိ ရှိခဲ့ပြီဖြစ်ကြောင်း “အသံ” လွတ်လပ် စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့က ထုတ်ပြန် ။

-သြစတြေးလျရေနံကုမ္ပဏီ Woodside က မြန်မာနိုင်ငံရှိ သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းများ ရပ်ဆိုင်းလိုက်ပြီး ဝန်ထမ်းများကို ပြန်ထွက်ခိုင်းလိုက်ကြောင်း ထုတ်ပြန် ။

-စစ်ကောင်စီကကျင်းပရန် ပြင်ဆင်နေသည့် ကျောက်မျက်ပြပွဲကို သပိတ်မှောက်မည်ဖြစ်ကြောင်း     မန္တလေး ၊ ဖားကန့် နှင့်ရွှေလီ ဒေသရှိ ကျောက်စိမ်းလုပ်ငန်းရှင်များပြော။

-မန္တလေးတိုင်းဒီချုပ်ပါတီ ဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြနှင့် ပါတီဝင် ဦးအေးသိန်း ဖမ်းဆီးခံရ ။ မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းမြစ်ဝန်ကြီး ဦးထွန်းမင်းအောင် ရာဇသတ် ကြီး ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲခံရ ။

-ကုလသမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ကြောင်း နအစ  နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန် ။

-CRPH အမည်ဖြင့်ကော်မတီ ဖွဲ့စည်းဆောင်ရွက်နေသောကော်မတီတွင် တိုက်ရိုတ်ဖြစ်စေ ၊ သွယ်    ဝိုက်၍ဖြစ်စေပါဝင်ဆောင်ရွက်ပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေ ညာ။

၂၈-၂-၂၀၂၁

-စစ်အာဏာရှင်ဆန့်ကျင်ရေး Milk Tea Alliance လှုပ်ရှားမှုကို မြန်မာ၊ ထိုင်း၊ ထိုင်ဝမ်တို့၌ လမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်ခဲ့ပြီး ဟောင်ကောင်နှင့် အိန္ဒိယတို့၌ အွန်လိုင်းမှလှုပ်ရှားမှုပြုလုပ်။

-နိုင်ငံတစ်ဝန်း ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ရဲနှင့်စစ်တပ်က သေနတ်ပစ်ခတ် အကြမ်းဖက်ဖြိုခွင်းသဖြင့် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ထားဝယ်  အနည်းဆုံး ၁၈ ဦးသေဆုံးကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာရုံးက ထုတ်ပြန် ။

-စစ်တပ်နှင့် ရဲတပ်ဖွဲ့၏ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုကြောင့် ပဲခူးမြို့တွင် သေဆုံးသူ ၂ ဦး၊ ရန်ကုန်မြို့တွင် ၅ ဦး၊ ထားဝယ်မြို့တွင် ၅ ဦး၊ မြိတ်မြို့တွင် ၃ ဦး (အတည်ပြုချက်ရယူဆဲ) ၊ မန္တလေးတွင် ၃ ဦး၊ ပခုက္ကူတွင် ၁ ဦး၊ မော်လမြိုင်တွင်  ၁ ဦး သေဆုံးခဲ့တယ်လို့ သတင်းဌာနများက ဖော်ပြကြသော်လည်း အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

-ရန်ကုန်တွင်ဆရာဝန်များ ပါဝင်သည့် သပိတ်စစ်ကြောင်းကို အင်အားသုံးဖြိုခွင်းပြီး ၂၀၀ ကျော်ကို ဖမ်းဆီး။

-ဆန္ဒပြသူများအပေါ် ရက်စက်စွာဖိနှိပ်မှုအတွက် မကြာမီအရေးယူမည်ဟု EU ထုတ်ပြန်၊ မြန်မာ့အရေးအတွက် အမှီအခိုကင်း စုံစမ်းစစ်ဆေးရေးယန္တရားကို  ထောက်ခံဟုဆိုသည်။ 

-မြန်မာနိုင်ငံတွင် ရဲနှင့်စစ်တပ်က ပြည်သူလူထုကို အကြမ်းဖက်ဖြိုခွင်းနေသည့်အပေါ်  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရပ်စ်က  အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပြီး  အသက်ဆုံးရှုံးမှုနှင့်   ပြင်းထန်ဒဏ်ရာရမှုတို့ မြင့်တက်လာသဖြင့်  လွန်စွာ စိတ်ပျက်မိဟု ထုတ်ပြန်။

-မြန်မာ့နွေဦးတော်လှန်ရေးမှာ ပါဝင်လှုပ်ရှားနေကြတဲ့ အရပ်သားပြည်သူတွေအပေါ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်မှတ်ထားဖြိုခွင်းမှု  စက်ဆုပ်ရွံရှာဖွယ်ဖြစ်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်။

-ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ Ravina Shamdasani က မြန်မာနိုင်ငံတွင် ဆန္ဒထုတ်ဖော်မှုတွေအပေါ် အကြမ်းဖက်မှုများ ပိုမိုဆိုး ရွားပြင်းထန်လာနေသည့်အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း၊ စစ်တပ်အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူတွေအပေါ် အင်အားသုံး ဖြိုခွင်းမှု ချက်ချင်းရပ်တန့်ဖို့ တောင်းဆို။

-ဆန္ဒပြမှုများကြောင့် ဖေဖော်ဝါရီလအတွင်း ကျဆုံးသူပြည်သူ ၃၀ ဝန်းကျင်နှင့် အဖမ်းခံရသူ ၂၀၀၀ ဝန်းကျင်ရှိဟု AAPP ထုတ်ပြန်။ ဖမ်းဆီးထိန်းသိမ်းထားသည့် သတင်းသမား ၂၂ ဦးရှိပြီဖြစ်သည် ။

-ပုဂ္ဂလိကဘဏ်များ အကန့်အသတ်ဖြင့်သာ ငွေထုတ်ပေးရန် ဗဟိုဘဏ်ညွှန်ကြား။ မတ်လ ၁ ရက်  နေ့မှစ၍ ပုဂ္ဂလိကဘဏ်များတွင် ငွေအပ်ထားသူများသည် တစ်ဦးလျှင် တစ်ပတ်အတွင်း သိန်း ၂၀ ၊ ကုမ္ပဏီ၊ အဖွဲ့အစည်းတစ်ခုလျှင် တစ်ပတ်အတွင်း ကျပ် သိန်း ၂၀၀ အများဆုံး ထုတ်ယူခွင့်ပြုမည်။ ATM စက်များမှ တစ်ရက်လျှင်ကျပ် ၅ သိန်း သာထုတ်ယူခွင့်ရမည်ဖြစ်သည် ။

Photo - ဒီဗွီဘီ / MPA

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024