မော်လမြိုင်ကျွန်းမြို့နယ်က CDM မှာ ပါဝင်သပိတ်မှောက်ခဲ့သူ ၃ ဦးကို ၅၀၅ (ခ) အပါအဝင် ပုဒ်မ သုံးခုနဲ့ ရဲတပ်ဖွဲ့က ဒီနေ့ တရားစွဲလိုက်တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှာပါဝင်ခဲ့တဲ့ CDM ဝန်ထမ်းတွေနဲ့ ဝန်းရံပြည်သူ ၁၈ ဦးကို ရဲတပ်ဖွဲ့က အတင်းအဓမ္မ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။
ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာပဲ မော်လမြိုင်ကျွန်းမြို့နယ် သံဃာ့မဟာနာယကဥက္ကဋ္ဌ ဆရာတော်အပါအဝင် ဆရာတော်သံဃာတော်တွေနဲ့ ရဲတပ်ဖွဲ့တို့ ညှိနှိုင်းခဲ့ပြီး အဖမ်းခံရသူတွေထဲက ၁၅ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
ပြန်လွှတ်ပေးဖို့ကျန်နေတဲ့ ကျောင်းဆရာမကြီး ဒေါ်မာလာစိန်၊ ဦးမျိုးမင်းညိမ်းနဲ့ ဒေါ်နီနီအောင်တို့ သုံးဦးကိုတော့ ဖျာပုံမြို့မရဲစခန်းကို လွှဲပြောင်းပေးပို့ခဲ့ပါတယ်။
မတ်လ ၁ ရက်နေ့မှာတော့ သူတို့သုံးဦးကို ပုဒ်မ ၅၀၅ (ခ)၊ ၁၄၃၊ ၁၄၅ တို့နဲ့ ဖျာပုံမြို့မရဲစခန်းက တရားစွဲဆိုလိုက်တာပါ။
မော်လမြိုင်ကျွန်းမြို့ခံပြည်သူတွေကတော့ ဖမ်းဆီးတရားစွဲခံရသူတွေ အမြန်ဆုံးပြန်လွတ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။