ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီ ၂၈ ရက် မနက် ၁၀ နာရီလောက်က ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းတဲ့ ရဲတွေက တပင်ရွှေထီးလမ်းအနီး ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်တွေ့ချိန်မှာ ရဲတပ်သားတစ်ဦးဆီက သေနတ်ကျည်ဆန်ထွက်ပြီး ရဲတပ်သားတစ်ဦးကို ထိမှန်ခဲ့ပါတယ်။
သေနတ်ကျည်ထွက်တာကို မြင်တွေ့ခဲ့သူတစ်ဦးက “မိုးပေါ် ထောင်ပစ်တာမဟုတ်ဘူး။ ကိုယ့်ကျည်ကိုယ်မှန်တာ ကျည်ပွင့်ပြီး ပစ်လဲသွားတာ ရဲတွေ ရုန်းရင်းဆန်ခတ်ဖြစ်သွားတယ်။ ပြန်ထူတာ ထူမရတော့ဘူး။ ဖောင်းဆို အသံကြားလို့ ကြည့်လိုက်တော့ ပစ်လဲသွားတယ်။ သေ၊ မသေကတော့ မသိဘူး” လို့ ပြောပါတယ်။
ဒီကနေ့ ဆန္ဒထုတ်ဖော်မှု စတင်ချိန်မှာပဲ ရဲနဲ့ စစ်တပ်တို့က လမ်းပိတ်ဆို့ခဲ့ပြီး ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိခဲ့ကာ မျက်ရည်ယိုဗုံးသုံး လူစုခွဲတာ၊ သေနတ်ပစ်ဖောက်တာနဲ့ ရိုက်နှက်ဖမ်းဆီး အကြမ်းဖက်တာတွေရှိခဲ့ပြီး လူ ၄၀ ထက်မနည်း ဖမ်းဆီးခံရပါတယ်။ ဖမ်းဆီးခံရသူတွေအထဲမှာ The 74media က ဗွီဒီယိုသတင်းထောက် မောင်ပေါင်လန်းတောင်လည်း ပါဝင်ပါတယ်။
ဆန္ဒပြသူတွေကို အင်အားသုံး ဖြိုခွင်းခဲ့ပေမဲ့ စစ်တပ်ကားတွေ မရှိတော့ချိန်မှာတော့ သိန်းနှင့်ချီတဲ့ လူထုက အာဏာသိမ်းစစ်အုပ်စုကို ဆက်လက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။